သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟစ်ဇ်ဘိုလာက ဒုခေါင်းဆောင် သတ်ခံရမှုအတွက် အစ္စရေးကို လက်တုန့်ပြန် တိုက်ခိုက်


လက်ဘနွန်နိုင်ငံ Khirbet Selm မြို့မှာ ကျင်းပတဲ့ ဈာပနအခမ်းအနားအတွင်း Hezbollah အဖွဲ့ရဲ့ နယ်မြေခံစစ်ဆင်ရေးတွေကို ကြီးမှူးနေတဲ့ ခေါင်းဆောင် ကွယ်လွန်သူ Wissam al-Tawil ရဲ့ အခေါင်းတလားကို သယ်ဆောင်လာကြစဉ် (ဇန်နဝါရီ ၉၊ ၂၀၂၄)
လက်ဘနွန်နိုင်ငံ Khirbet Selm မြို့မှာ ကျင်းပတဲ့ ဈာပနအခမ်းအနားအတွင်း Hezbollah အဖွဲ့ရဲ့ နယ်မြေခံစစ်ဆင်ရေးတွေကို ကြီးမှူးနေတဲ့ ခေါင်းဆောင် ကွယ်လွန်သူ Wissam al-Tawil ရဲ့ အခေါင်းတလားကို သယ်ဆောင်လာကြစဉ် (ဇန်နဝါရီ ၉၊ ၂၀၂၄)

လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာစစ်သွေးကြွအဖွဲ့ အကြီးတန်း တပ်မှူးတယောက်နဲ့ ဟာမတ်စ်အဖွဲ့ ဒုတိယခေါင်းဆောင်တို့ သတ်ဖြတ်ခံရမှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးစစ်စခန်းတခုကို ပစ်မှတ်ထားပြီး အဝေးထိန်းဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ အစ္စရေး၊ လက်ဘနွန်နယ်စပ်နဲ့ ၁၀ ကီလိုမီတာ အကွာလောက်မှာရှိတဲ့ Safed မြို့က အစ္စရေးတပ်စခန်းကို ပစ်မှတ်ထားပြီး ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာလို့လည်း ဟာမတ်စ်အဖွဲ့က ပြောပါတယ်။

အစ္စရေးပိုင်နယ်ကို လက်ဘနွန်ဖက်ကနေ ဝေဟင်က ပစ်ခတ်ခဲ့တဲ့ ယာဉ်တွေကို ကြားဖြတ်ပစ်ချခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောဆိုခဲ့ပြီး နိုင်ငံမြောက်ပိုင်းက စစ်စခန်းထဲကို ဝေဟင်ကပစ်ခတ်တဲ့ လက်နက်တခု ကျရောက်ခဲ့ကြောင်းလည်း ပြောပါတယ်။ ထိခိုက်သေကျေမှုနဲ့ ပျက်စီးမှုတော့ မရှိဘူးလို့လည်း ပြောပါတယ်။ ဒီကနေ့မှာပဲ အစ္စရေးရဲ့ ဒရုန်းတခုက လက်ဘနွန်နိုင်ငံ တောင်ပိုင်းမှာ ကားတစင်းကို ထိမှန်ခဲ့ပြီး လူ ၃ ဦး သေဆုံးကြောင်းလည်း လုံခြုံရေးအရာရှိတွေက ပြောပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ ဟစ်ဇ်ဘိုလာတပ်မှူးတဦးသေဆုံးခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာပဲ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ။ မနေ့တုန်းက အစ္စရေးတိုက်ခိုက်မှုကြောင့် သေဆုံးသူဟာ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ နယ်မြေခံစစ်ဆင်ရေးတွေကို ကြီးမှူးနေတဲ့ Wissam al-Tawil ဆိုသူ ဖြစ်ကြောင်းလည်း ဟစ်ဇ်ဘိုလာအဖွဲ့က အတည်ပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG