ကမ္ဘာတဝန်း HIV/AIDS ရောဂါ တိုက်ဖျက်ရေးမှာ တိုးတက်မှု လျော့လာတယ်လို့ မက္ကဆီကိုမှာ ကျင်းပတဲ့ နိုင်ငံတကာ AIDS ညီလာခံ အကြိုနေ့က ထုတ်တဲ့ အစီရင်ခံစာမှာတော့ ဖော်ပြထားပါတယ်။ HIV/ AIDS ကို အမြစ်ဖြုတ် ချေမှုန်းနိုင်ရေး အတွက် နိုင်ငံတွေဘက်က နိုင်ငံရေးအရ ပိုင်းဖြတ်ဆောင်ရွက်လိုမှု ကင်းမဲ့လာတာကြောင့် HIV ကူးစက်ခံရမှု အသစ် လျှော့ချရေးပိုင်းမှာ ယုတ်လျော့လာတာလို့လည်း HIV/AIDS ဆိုင်ရာ ကုလသမဂ္ဂ ပူးတွဲ အစီအစဉ် UNAIDS က သတိပေးပါတယ်။ UNAIDS ရုံးချုပ်ရှိရာ Geneva ကနေ Lisa Schlein သတင်းပေးပို့ထားတာကို မသိင်္ဂီထိုက် တင်ပြပေးမှာပါ။
ကမ္ဘာတလွှားမှာ ၂၀၁၈ ခုနှစ် အတွင်း HIV အသစ် ကူးစက်ခံရသူပေါင်း ၁.၇ ရှိပြီး AIDS နဲ့ ဆက်နွယ်တဲ့ နာမကျန်းမှုတွေကြောင့် လူပေါင်း ၇၇၀,၀၀၀ သေဆုံးခဲ့ရတယ်လို့ UNAIDS ရဲ့ နောက်ဆုံး အစီရင်ခံစာမှာ ဖော်ပြပါတယ်။ လူပေါင်း ၂၃ သန်းကျော်ကတော့ ARTဆေးနဲ့ ကုသမှု ခံယူနေကြပေမဲ့ ကျန်တဲ့ လူပေါင်း ၁၅ သန်းလောက်ကတော့ အသက်ကယ် ကုသမှုကို မရကြသေးဘူးလို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။ HIV ကူးစက်မှု အသစ်တွေရဲ့ ထက်ဝက်ကျော်ကတော့ Key Populations လို့ သတ်မှတ်ထားတဲ့ လိင်လုပ်သား၊ မူးယစ်ဆေးဝါးသုံးစွဲသူ၊ အမျိုးသားချင်း လိင်ဆက်ဆံသူ၊ လိင်ပြောင်းထားသူနဲ့ ထောင်သားတွေနဲ့ သူတို့ရဲ့ လိင်ဆက်ဆံဖက်တွေ ဖြစ်တယ်ဆိုတာကို ပထမဆုံး အကြိမ်အနေနဲ့ တွေ့ရှိရတယ်လို့လည်း UNAIDS ရဲ့ ယာယီ အမှုဆောင် ညွှန်ကြားရေးမှူး Gunilla Carlsson က ပြောပါတယ်။
ကူးစက်ခံရမှု အသစ် ၅၄ ရာခိုင်နှုန်းက လိင်လုပ်သားတွေ၊ မူးယစ်ဆေးဝါး သုံးစွဲသူတွေ၊ အမျိုးသားချင်း လိင်ဆက်ဆံသူတွေ၊ လိင်ပြောင်းထားသူတွေနဲ့ ထောင်သားတွေ ဖြစ်တယ်လို့လည်း မှတ်ချက်ပေး ပြောဆိုပါတယ်။ သူတို့ အနေနဲ့ သိမ်ငယ်မှုနဲ့ ခွဲခြားဆက်ဆံမှုကိုလည်း ခံစားနေရကြောင်း သူမက ဗွီအိုအေကို ပြောပါတယ်။ ဒါကြောင့်လည်း HIV ကူးစက်မှုကို ရပ်တန့်ရေး လိုအပ်တဲ့ အတိုင်းအတာထိ မရောက်တာလို့လည်း ပြောပါတယ်။
"လူ့အခွင့်အရေး အရတင် မဟုတ်ဘဲ ကုသမှု၊ ပြုစုစောင့်ရှောက်မှုပါ ရစေမယ့် မှန်မှန်ကန်ကန် ပြုမူဆက်ဆံမှု မရှိဘဲ ဒီလူတွေ နောက်ကျ ကျန်နေတာကို ကျမတို့ အနေနဲ့ ထည့်သွင်း မစဉ်းစားဘူးဆိုရင် ဒီပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ အထူး အလေးထားရမယ့် ဒေသတွေကိုလည်း ကျမတို့ တွေ့ပါတယ်။"
ဗဟို အာရှနဲ့ အရှေ့ ဥရောပ ဒေသတွေမှာ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ကူးစက်မှု အသစ်ပေါင်း ၂၉ ရာခိုင်နှုန်း မြင့်တက်လာပြီး မြောက် အာဖရိကနဲ့ အရှေ့အလယ်ပိုင်းမှာတော့ ၁၀ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ Carlsson က ပြောပါတယ်။ ကမ္ဘာတလွှား HIV/AIDS အခြေအနေတွေကတော့ အကောင်းအဆိုး ရောထွေးနေတယ်လို့လည်း ပြောပါတယ်။ အနောက် ဥရောပနဲ့ မြောက် အမေရိကတို့မှာ တိုးတက်မှု တချို့ရှိနေပေမဲ့လည်း ကူးစက်မှု အသစ်နဲ့ သေဆုံးမှု အရေအတွက်တော့ လက်ခံနိုင်စရာ မရှိလောက်အောင် များနေဆဲ ဖြစ်ပါတယ်။ အရင်တုန်းက အတိုင်းပဲ HIV ကူးစက်ခံထားရသူတွေ၊ နောက် အသစ် ကူးစက်ခံရသူတွေ အများစုကတော့ အာဖရိကတိုက် အရှေ့ပိုင်းနဲ့ တောင်ပိုင်းတို့မှာ နေထိုင်နေကြသူတွေ ဖြစ်တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
ဒါပေမဲ့လည်း တောင်အာဖရိကမှာတော့ HIV ကူးစက်ခံရမှုကို ၄၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်ခဲ့ပါတယ်။ HIV / AIDS ကို အမြစ်ဖြုတ် တိုက်ဖျက် ပစ်နိုင်ရေး ကြိုးပမ်းတာမှာ ရံပုံငွေ မလုံလောက်ရင်တော့ အောင်မြင်မှာ မဟုတ်ဘူးလို့လည်း Carlsson က ပြောပါတယ်။ AIDS ကို တုံ့ပြန်ကိုင်တွယ်ရေးမှာ ရံပုံငွေ ဒေါ်လာ ၁ ဘီလျံနီးပါး ကျဆင်းခဲ့ပြီး လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ လိုအပ်မယ့် ရန်ပုံငွေ ဒေါ်လာ ၂၆.၂ ဘီလျံကို ပြည့်မီဖို့ ဒေါ်လာ ၇ ဘီလျံလောက် လိုအပ်မှာ ဖြစ်တယ်လို့လည်း သူမက ထပ်လောင်း ပြောပါတယ်။