သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တချို့ မှာ HIV ပိုးတွေ့


ရိုဟင်ဂျာဒုက္ခသည် စခန်း
ရိုဟင်ဂျာဒုက္ခသည် စခန်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲမှာ HIV ရောဂါပိုးရှိနေသူတွေကို တွေ့ထားရပြီး သူတို့ကို ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဌာနက ဆေးဝါး ကူညီထောက်ပံ့ပေးနေပါတယ်။ သူတို့တွေဟာ ဒုက္ခသည်စခန်းအသီးသီးမှာ ပြန့်ကျဲနေကြပြီး စခန်းတွေထဲမှာပဲ ဆက်ပြီး နေထိုင်နေကြတယ်လို့ Cox’s Bazar ဒေသ ကျန်းမာရေးတာဝန်ရှိသူတဦးက ဗွီအိုအေ ကိုပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ဒေသက ဒုက္ခသည်စခန်းအသီးသီးမှာ ရောက်နေတဲ့ ဒုက္ခသည် ၇၀၀,၀၀၀ ကျော်ထဲမှာ HIV ရောဂါပိုးရှိနေသူ ၆၀ ကျော်ကို စစ်ဆေးတွေ့ရှိထားတဲ့အကြောင်း Cox’s Bazar ဒေသ၊ ကျန်းမာရေးဌာန အကြီးအကဲ ဒေါက်တာ Abdus Salam က ဗွီအိုအေ ဘင်္ဂလားဘာသာဌာနနဲ့ ဆက်သွယ်မေးမြန်းခန်းအတွင်း ပြောသွားတာပါ။

“HIV လူနာ ၆၁ ဦးရှိနေတာကို ကျနော်တို့ဌာနအသီးသီးကနေ တွေ့ထားပါတယ်။ သူတို့ကို ကျနော်တို့ဌာနက ဆေးဝါး ပေးနေပါတယ်။ ဆေးရပြီးတဲ့နောက် စခန်းတွေထဲက သူတို့မိသားစုတွေဆီ ပြန်သွားကြပါတယ်။”

အဲဒီလူနာတွေထဲမှာ အမျိုးသမီး ၃၂ ဦး၊ အမျိုးသား ၁၉ ဦး၊ ကလေး ၁၀ ဦးပါဝင်တယ်လို့ ဒေါက်တာ Salam ကပြောပါတယ်။

သူတို့တွေဟာ တခြားဒုက္ခသည်တွေနဲ့အတူ စခန်းတွေထဲမှာပဲ အတူ နေထိုင်နေကြတာကြောင့် တခြားလူတွေကို ကူးစက်တာမျိုး တွေဖြစ်နိုင်မလားဆိုတဲ့ စိုးရိမ်ချက်တွေကလဲ ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ HIV လူနာတွေကို သီးခြားခွဲထုတ်ထားတဲ့စနစ်မျိုး မရှိတာကြောင့် အခုလူနာတွေကိုလဲ သီးခြားခွဲထားတာ မျိုးမလုပ်ဘူးလို့ ဒေါက်တာ Salam ကပြောပါတယ်။

“ဘာကြောင့်လဲဆိုတော့ AIDS လူနာတွေဟာ ဘဝတသက်တာလုံး ကူညီထောက်ပံ့မှုပေါ် မှီခို အားထားကြရပါတယ်။ ဒီလူနာတွေဟာ သူတို့ရဲ့ မိသားစုတွေပေါ် မှီခိုအားထားနေကြရတာပါ။ ဒါကြောင့် ပြဿနာမရှိဘူးလို့ ကျနော်ထင်ပါတယ်။”

ဒီအခြေအနေက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်လဲ အန္တရာယ်ရှိတဲ့အခြေအနေ မဟုတ်ပါဘူးလို့ ဒေါက်တာ Salam ကပြောပါတယ်။

AIDS ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ UNAIDS က ၂၀၁၇ ခုနှစ်မှာ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှာ ၂၀၁၆ ခုနှစ်အတွင်း HIV လူနာအရေအတွက် ၁၂,၀၀၀ ရှိပြီး AIDS ရောဂါနဲ့ဆက်စပ်တဲ့ သေဆုံးသူအရေအတွက် က အယောက် ၁,၀၀၀ ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ အလားတူနှစ်အတွင်း HIV လူနာအရေအတွက် ၂၃၀,၀၀၀ ရှိပြီး သေဆုံး သူအရေအတွက်က ၇,၈၀၀ ရှိခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေဟာ စခန်းတွေထဲမှာ ပြည့်ကျပ်ပြီး နေနေကြရတာကြောင့် ကူးစက်မြန်ရောဂါ တွေဖြစ်ပွားမှာကို စိုးရိမ်ရတဲ့အကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီပေးအဖွဲ့အစည်းတွေက ပြောထားပါတယ်။

ကာလဝမ်းရောဂါကို တားဆီးဖို့အတွက် ကာကွယ်ဆေး တိုက်ကျွေးတဲ့အစီအစဉ်ကိုလဲ စတင် လုပ်ဆောင်ထားပြီး ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ အသက် ၁ နှစ်ကနေ ၅ နှစ်ကြား ကလေးငယ် ၁၈၀,၀၀၀ နီးပါးကို ကာလဝမ်းရောဂါ ကာကွယ်ဆေး တိုက်ကျွေးတဲ့လုပ်ငန်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဦးစီး လုပ်ဆောင်ခဲ့ပါတယ်။ ထပ်ဖြည့်ကာကွယ်ရေးအနေနဲ့ နောက် တကြိမ်ထပ်ပြီး ကာကွယ်ဆေး တိုက်ဖို့လဲရှိပါတယ်။

ဆိုးရွားတဲ့ ပိုလီယိုရောဂါကနေ ကာကွယ်ဖို့အတွက် အသက်ငါးနှစ်အရွယ်ထိ ကလေးငယ်တွေကို ရောဂါကာကွယ်ဆေး တိုက်ကျွေးဦးမှာဖြစ်တယ်လို့လဲ WHO က ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG