သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် တာဝန်ကရုပ်သိမ်းရေးအဆို ရှုံးနိမ့်


(ဓာတ်ပုံ - Pyidaungsu Hluttaw - မေ ၂၉၊ ၂၀၂၀)
(ဓာတ်ပုံ - Pyidaungsu Hluttaw - မေ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတစ်ခုအတွင်း တွေ့ရသည့် ဦးတီခွန်မြတ်။ (မတ် ၁၀၊ ၂၀၂၀)
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတစ်ခုအတွင်း တွေ့ရသည့် ဦးတီခွန်မြတ်။ (မတ် ၁၀၊ ၂၀၂၀)

အခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးမှုတွေမှာ မျှတမှု မရှိတာမို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးတီခွန်မြတ်ကို တာဝန်က ရုပ်သိမ်းဖို့ပြည်ခိုင်ဖြိုးပါတီဘက်က ပြည်သူ့လွှတ်တော်မှာ တင်သွင်းတဲ့အဆို ရှုံးနိမ့်သွားတာကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက တင်ပြပေးပါမယ်။

ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီက မိုင်းပြင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းစိန်က လွှတ်တော်ဥက္ကဋ္ဌကို တာဝန်ရုပ်သိမ်းရေးအဆို တင်သွင်းခဲ့တာကို ဒီကနေ့ လွှတ်တော်မှာ ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရာမှာ အဆိုထောက်ခံဖို့ သတ်မှတ်မဲ အရေအတွက်မရတာကြောင့် ဒီအဆိုကို လွှတ်တော်က ပယ်ချခဲ့ပါတယ်။

"လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျာ။ ထောက်ခံဆန္ဒမဲပေးသူ အရေအတွက်က ၁၃၂ မဲဖြစ်လို့ ကတိသစာ ပြုပြီးတဲ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ အနည်းဆုံး ၃ပုံ ၂ပုံကထောက်ခံတာ မရှိတဲ့အတွက် နည်းဥပဒေ ၁၁၉ နည်း ဥပဒေ က အရ ယခု အဆိုကို အရေးယူရန်မရှိကြောင်း ကြေငြာပါတယ်။"

ပြည်သူ့လွှတ်တော်ဒု ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က လွှတ်တော်ဥက္ကဋ္ဌကို တာဝန်ရုပ်သိမ်းရေးအဆိုနဲ့ပတ်သတ်လို့ သတ်မှတ်ထောက်ခံမဲ ရခဲ့တာ မရှိကြောင်း ခုလိုလွှတ်တော်မှာ ကြေ ငြာသွားခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်အနေနဲ့ဖွဲ့စည်းပုံပြင်ဆင်ရေးအဆိုအပါအဝင် လွှတ်တော်တွင်း ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေမှာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ တဦးအနေနဲ့ တာဝန်ကို မျှမျှတတ မဆောင်ရွက်တာစတဲ့စွဲချက်တွေနဲ့ စွဲချက်တင်ဖြုတ်ချဖို့ လွှတ်တော်မှာ ပြည်ခိုင်ဖြိုးအမတ် တဦးက အဆိုတင်ပြလာခဲ့တာမို့ အခုလို ဆွေးနွေးခဲ့ကြရတာပါ။ ပြဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေအရ လွှတ်တော်ဥက္ကဋ္ဌကို တာဝန်က ရုပ်သိမ်းတဲ့ အစီအစဉ် အောင်မြင်ဖို့အတွက်ဆိုရင် လက်ရှိပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ သုံးပုံနှစ်ပုံ ထောက်ခံမဲ ရရှိဖို့လိုအပ်ပါတယ်။

ဒုတိယ နာယက (ဓာတ်ပုံ - Pyidaungsu Hluttaw - မေ ၂၉၊ ၂၀၂၀)
ဒုတိယ နာယက (ဓာတ်ပုံ - Pyidaungsu Hluttaw - မေ ၂၉၊ ၂၀၂၀)

ပြည်သူလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၁၁၆ နဲ့ ၁၁၇ အရ လွှတ်တော်ဥက္ကဋ္ဌ အနေနဲ့ အဲလိုစွဲချက်တင်ခံရချိန်တွင်း ဥက္ကဋ္ဌ တာဝန်ကို ဒု ဥက္ကဋ္ဌက တာဝန်ခေတ္တ လွှဲယူ ရတာမို့ လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် အနေနဲ့မဲခွဲ ဆုံးဖြတ်တာ မလုပ်ရမချင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ ပြည်ထောင်စုလွှတ်တော် နာယကစတဲ့ တာဝန်တွေ ရယူထားတာတွေ ကို ဒု ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကို လွှဲပြောင်းတာဝန်ပေးအပ်ထားရလို့ သူ့အနေနဲ့ ကိုယ်စားလှယ်တဦးအဖြစ်သာ ဒီကနေ့လွှတ်တော်ကို တက်ရောက် ဆန္ဒမဲပေးခဲ့ပါတယ်။

ပြည်သူလွှတ်တော်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက သုံးပုံနှစ်ပုံကျော် ရှိတဲ့အတွက် ပြည့်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို ဖြုတ်ချဖို့အရေးဟာ အောင်မြင်ဖို့အလားအလာနည်းပေမဲ့ ကြံ့ခိုင်ရေးပါတီက အခုအဆိုတင်သွင်းမှုဟာနိုင်ငံရေး ကစားမှုလို့နိုင်ငံရေးလေ့လာသုံးသပ်သူအချို့က သုံးသပ်ပါတယ်။

အဆိုတင်သွင်းလာသူတွေ အနေနဲ့ မသမာတဲ့နည်းနဲ့ တင်ပြမှုလားဆိုပြီး NLD ပါတီ ထန်းတပင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးနေမျိူးထွန်းက လွှတ်တော်မှာ အဆိုတင်သွင်းတဲ့ ပြည်ခိုင်ဖြိုးပါတီအပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။

"နာယကကြီးအနေဖြင့် အဆိုရှင်တင်ပြတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းအားလုံးကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၅၊ ၄၃၆ နဲ့ အညီ ပြီးပြတ်အောင်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါလျက် ဆောင်ရွက်ရန်ပျက်ကွယ်တယ်လို့ စွပ်စွဲနေခြင်းဟာ အဆိုရှင်အပါအဝင်၊ အဆိုကို လက်မှတ်ရေးထိုးတင်ပြတဲ့ ကိုယ်စားလှယ်များဟာ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးပြီးပြတ်ခဲ့သော ကိစ္စရပ်ကို ဆောင်ရွက်ရန် ပျက်ကွက်သည်ဟု မမှန်မကန် တင်ပြနေခြင်းသည် ပြည်ထောင်စုလွှတ်တော် နာယကကြီး၏ ဂုဏ်သိက္ခာထိခိုက်စေဖို့ မသမာသောနည်းလမ်းဖြင့် တင်ပြရာရောက်သည့်အတွက် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၉၊ နည်းဥပဒေခွဲ ဋနဲ့ ဍ ပါ ပြဌာန်းချက်ကို ဖောက်ဖျက် ကျူးလွန်ရာရောက်နေပါတယ်။"

ဒီလို သုံးသပ်မှုတွေနဲ့ ပတ်သတ်လို့ကြံ့ခိုင်ရေးပါတီက ဒေါက်တာမောင်သင်းကို ဗွီအိုအေ မေးမြန်းတာမှာတော့ စွပ်စွဲချက်တွေအပေါ် ငြင်းဆန်လိုက်ပါတယ်။

"သေသေချာချာ နက်နက်နဲနဲ တွေးကြပါလို့ပဲ ပြောချင်တယ်၊ ကြည့်စေချင်တယ်။ လွှတ်တော်တွင်းထိန်းကျောင်းခြင်း ဒီမိုကရေစီအရ လုပ်တာပါ။ အဲ့ဒါကလွဲလို့ ရှုံးတာလည်း မရှိသလို နိုင်တာလည်းမရှိပါဘူး။ ဒီမိုကရေစီ နိုင်ငံမှာ လွှတ်တော်တွင်း ၅ နှစ်ပြည့်တော့မယ် သမိုင်းမှတ်တမ်းဝင်အောင်ပါ။ လွှတ်တော်တွင်း ထိန်းကျောင်းခြင်း ဒီမိုကရေစီအလေ့အထကို ဖော်ဆောင်တာသာဖြစ်တယ်။ အနိုင်အရှုံး မရှိဘူး။ လူပုဂ္ဂိုလ်ကို ဟိုဟာလုပ်တယ်လဲမရှိဘူး။ အန်ကယ်ကတော့ ဒါပဲ ပြောချင်ပါတယ်။"

ဒီကနေ့မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွေကို ရပ်နားလိုက်ပြီဖြစ်ပါတယ်။ နောက်တကြိမ် လွှတ်တော်အစည်းအဝေးတွေကို လာမယ့် ဇူလိုင်လလယ်မှာ ကျင်းပဖို့ လျာထားတယ်လို့ လွှတ်တော်ကိုယ်စားလှယ်အချို့ကဆိုပါတယ်။ ဇူလိုင်လမှာ လွှတ်တော် ထပ်ခေါ်ယူဖို့ရှိနေသေးတာကြောင့် ဦးတီခွန်မြတ်အနေနဲ့ ဇူလိုင်လလုပ်မယ့် လွှတ်တော်အစည်းအဝေးမှာတော့ လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ကော ပြည်ထောင်စုလွှတ်တော် နာယက တာဝန်တွေကို ပြန်လည် တာဝန်ထမ်းဆောင်သွား ဖို့ရှိပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

[Unicode Version]














XS
SM
MD
LG