သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်အုပ်ချုပ်ရေးမှူးသစ် တရုတ်သမ္မတရှေ့မှောက် ကျမ်းသစ္စာကျိန်ဆို


တရုတ်သမ္မတ Xi Jinping ရဲ့ ရှေ့မှောက်၊ အုပ်ချုပ်ရေးမှူးသစ် Carrie Lam ဒီကနေ့ ကျမ်းသစ္စာ ကျိန်ဆို။ ( ဇူလိုင် ၁-၂၀၁၇)
တရုတ်သမ္မတ Xi Jinping ရဲ့ ရှေ့မှောက်၊ အုပ်ချုပ်ရေးမှူးသစ် Carrie Lam ဒီကနေ့ ကျမ်းသစ္စာ ကျိန်ဆို။ ( ဇူလိုင် ၁-၂၀၁၇)

ဗြိတိသျှအုပ်ချုပ်မှုအောက်ကနေ တရုတ်နိုင်ငံကို ပြန်လည်လွဲှပြောင်းပေးခဲ့တဲ့ အနှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ဟောင်ကောင်ကျွန်းမှာ ရောက်ရှိနေတဲ့ တရုတ်သမ္မတ Xi Jinping ရဲ့ ရှေ့မှောက်၊ အုပ်ချုပ်ရေးမှူးသစ် Carrie Lam ဒီကနေ့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ ဟောင်ကောင်ကို နောက်ဆုံးအုပ်ချုပ်ခဲ့တဲ့ ဗြိတိသျှအုပ်ချုပ်ရေးမှူးက ၁၉၉၇ ခုနှစ်မှာ တရုတ်နိုင်ငံလက်ထဲ ပြန်လည် လွဲှပြောင်းပေးချိန်တုန်းက အခန်းအနားကျင်းပခဲ့ရာ ဆိပ်ကမ်းမှာပဲ ဒီကနေ့ ကျင်းပတဲ့ အခန်းအနားမှာတော့ ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီး အလံတွေကို လွှင့်ထူထားခဲ့တာပါ။

တရုတ်အစိုးရက လက်ခံအတည်ပြုခဲ့ပြီး ဒီကနေ့ ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ အုပ်ချုပ်ရေးမှူးသစ်ကိုတော့ ဟောင်ကောင်က မဲဆန္ဒရှင်အရေအတွက်ရဲ့ ၁ ရာခိုင်နှုန်းကသာ မဲပေးဆုံးဖြတ်ခွင့် ရခဲ့တဲ့အတွက်လည်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေက မတရားတဲ့ လုပ်ရပ်အဖြစ် ကန့်ကွက်ဝေဖန်ခဲ့ကြပါတယ်။

ဟောင်ကောင်ကျွန်းမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လေ့ရှိတဲ့ နှစ်ပတ်လည်နေ့ ဖြစ်တာကြောင့် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် ရာနဲ့ချီတာဝန်ပေးထားပါတယ်။ ကျမ်းသစ္စာကျိန်ဆိုပွဲ အခန်းအနားနဲ့ ကီလိုမီတာ အနည်းငယ်အကွာလောက်က ဆန္ဒပြပွဲတခုမှာတော့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ တရုတ်အစိုးရလိုလားသူတွေကြား အနည်းငယ်ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

တရုတ်သမ္မတရဲ့ ၃ ရက်ကြာ ခရီးစဉ်အတွက် ဟောင်ကောင်မှာ လုံခြုံရေးကိုလည်း တိုးမြှင့်ထားတာပါ။ တရုတ်သမ္မတကတော့ ခရီးစဉ်အတွင်း အလွှာပေါင်းစုံက လူတွေနဲ့ တွေ့ဆုံမှာဖြစ်ကြောင်း ပြောဆိုထားပေမဲ့လည်း လုံခြုံရေး တိုးမြှင့်ထားတဲ့အတွက် ဆန္ဒပြပွဲတွေ၊ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုမှုတွေကိုတော့ သိပ်တွေ့ရမယ့် အလားအလာ မရှိပါဘူး။

ဟောင်ကောင်ကျွန်းကိုတော့ ပြည်မကြီးက တရုတ်နိုင်ငံသားတွေ ခံစားခွင့်မရှိတဲ့ လွတ်လပ်ခွင့်တွေ တော်တော်များများ ပေးထားတဲ့ တနိုင်ငံ အုပ်ချုပ်မှုစနစ် ၂ ခု ပုံစံနဲ့ ဗြိတိန်နိုင်ငံက ၁၉၉၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ ပြန်လည်လွဲှပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဟောင်ကောင်ကို ပြန်လည်လွဲှပြောင်းပေးချိန်မှာ ဗြိတိန်နဲ့ တရုတ်နိုင်ငံတို့ကြား လက်မှတ်ရေးထိုးခဲ့တာတွေဟာ အခုအခါ ဆီလျော်မှု မရှိတော့တဲ့အကြောင်း မနေ့တုန်းကပဲ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG