သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင် ဆန္ဒပြမှု ကန်နိုင်ငံခြားရေးဌာန စိုးရိမ်


သီတင်းပတ် ၁၀ ပတ်ကြာ ရှည်နေပြီဖြစ်တဲ့ ဟောင်ကောင်က ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပေါ်နေစဉ် အတွင်းမှာပဲ သြဂုတ်လ ၁၄ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ ရုန်းရင်းဆန်ခတ်မှုတွေ ပိုမို ဆိုးရွားလာခဲ့ပါတယ်။ ဆန္ဒပြသူတွေက တရုတ်အစိုးရ ပိုင် သတင်းဌာနက သတင်းထောက် တစ်ယောက်ကို ခေတ္တ ထိန်းသိမ်းခဲ့တာကြောင့် ဆန္ဒပြသူတွေအပေါ် တရုတ်အစိုးရဆီက အပြင်းထန်ဆုံး ပြစ်တင် ဝေဖန်မှု ထွက်ပေါ်လာ သလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဘက်အားလုံးက ထိန်းထိန်းသိမ်းသိမ်း ရှိဖို့နဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်ကို ဆက်လက်ထောက်ခံသွားမှာဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ VOA သတင်းထောက် Sam Verma သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုရဲမင်းထွန်းက အပြည့်အစုံကို တင်ပြပေးပါမယ်။

ဟောင်ကောင်က ဆန္ဒပြသူတွေက လေဆိပ် အဆောက်အအုံထဲ နှစ်ရက်ဆက်တိုက် ဆန္ဒပြနေချိန်မှာပဲ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် နိုင်ငံတကာက စိုးရိမ်ပူပန်ကြောင်း ပြောကြသလို ဟောင်ကောင် ရဲတပ်ဖွဲ့ အသုံး ပြုတဲ့ နည်းလမ်းတွေအပေါ်မှာလည်း ကုလသမဂ္ဂက ဝေဖန် ပြစ်တင်ခဲ့ပါတယ်။

သြဂုတ်လ ၁၄ ရက်နေ့ ဗုဒ္ဒနေ့မှာတော့ ဆန္ဒပြသူတွေက တရုတ် အစိုးရပိုင် Global Times သတင်းထောက် တယောက်ကို ခေတ္တ ထိန်းသိမ်းပြီး အနှောက်အယှက်ပေးခဲ့တာကြောင့် တရုတ်နိုင်ငံ အစိုးရ ဘက်က အပြင်းထန်ဆုံး ပြစ်တင် ဝေဖန်မှုထွက်ပေါ်လာခဲ့ပါတယ်။ တရုတ်အစိုးရပိုင် CCTV သတင်းကြေညာသူက တရုတ်နိုင်ငံအစိုးရ ဟောင်ကောင်နဲ့ မကာအို ဆိုင်ရာရုံးရဲ့ သတင်းထုတ်ပြန်ချက်ကို အခုလို ကြေညာခဲ့ပါတယ်။

“ အကြမ်းဖက်လုပ်ရပ် နီးပါးဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်အပေါ် ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချပါတယ်။ ပြီးတော့ ဒဏ်ရာ ရရှိခဲ့တဲ့ ပြည်မက တရုတ်နိုင်ငံသား ရဲဘော်ရဲဘက်တွေနဲ့ ဟောင်ကောင် ရဲတပ်ဖွဲ့ဝင်တွေအတွက် အများကြီး ဝမ်းနည်းမိပါတယ်။ ဟောင်ကောင်က အစွန်းရောက် အကြမ်းဖက်သူ အစုအဖွဲ့တွေဟာ ဥပဒေနဲ့ လူ့ ကျင့်ဝတ်တရားကို လုံးလုံးလျားလျား ချိုးဖောက်ခဲ့ပါပြီ။ သူတို့တွေရဲ့ အပြုအမူ ဟာ ဥပဒေ စိုးမိုးမှုကို မထီမဲ့မြင် မလေးစားတာကို ပြသတာဖြစ်ပြီး နိုင်ငံတကာမှာ ဟောင်ကောင်ရဲ့ ပြယုဂ်ကို ထိခိုက်စေသလို ပြည်မက ရဲဘော်ရဲဘက်တွေရဲ့ စိတ်နှလုံးကိုလည်း ဆိုးဆိုး ရွားရွား ထိခိုက်စေပါတယ်။”

ဆန္ဒပြပွဲတွေအပေါ် ဝေဖန်ရာမှာ အကြမ်းဖက်သမား၊ အကြမ်းဖက်မှု ဆိုတဲ့ ပြင်းထန်တဲ့စကားလုံး တရုတ်အစိုးရဘက်က တရားဝင် သုံးစွဲ တာ ဒါ ပထမဆုံးအကြိမ်ပါ။ တစ်ချိန်တည်းမှာပဲ တရုတ်အစိုးရဟာ တရုတ်စစ်တပ်ကို ဟောင်ကောင်နယ်စပ် ရှင်ဇင်ပြည်နယ်ထဲ တပ်စွဲ ချထား တာကို ဂြိုလ်တုတွေကရတဲ့ ဓါတ်ပုံတွေမှာ တွေ့ကြရလို့ ဆန္ဒပြပွဲကို အကြမ်းဖက် ဖြိုခွင်းမယ့် မှန်းဆပြောဆိုချက်တွေ ပြောထွက်လာခဲ့ပါတယ်။ တရုတ် ပြည်သူ့ နေ့စဉ် သတင်းစာလို နိုင်ငံပိုင် သတင်းဌာနတွေကလည်း ဥပဒေဓါးသွား အာဏာစက်နဲ့ ရှင်းဖို့ တောင်းဆိုလာပါတယ်။

ဒီလို တင်းမာတဲ့ အခြေအနေတွေကြောင့် အင်္ဂါနေ့က ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Michele Bachelet က အကြမ်းဖက် နှိမ်နင်းမှု အပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့သလို ဗုဒ္ဓနေ့မှာလည်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ကြေညာချက်မှာ ဟောင်ကောင်-တရုတ်နယ်စပ်က စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေ အပေါ် အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း၊ တရုတ်နိုင်ငံ နဲ့ ဟောင်ကောင်က သက်ဆိုင်သူအားလုံး ဟောင်ကောင်သားတွေရဲ့ လွတ်လပ်မှုနဲ့ ကိုယ်ပိုင် အုပ်ချုပ်မှု အခွင့်အရေးကို လေးစား လိုက်နာ ပြီး အဖြေ တစ်ခု ရှာကြဖို့ တိုက်တွန်းကြောင်းနဲ့ တရုတ်နဲ့ ဗြိတိန်နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားတဲ့ စာချုပ်မှာ ပါရှိတဲ့ လွတ်လပ်စွာ ပြောဆို ခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်တွေကို လေးစားဖို့ အရေးကြီးကြောင်း လည်း ကြေညာချက်မှာ ပါရှိပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကလည်း တရုတ်တပ်တွေ နယ်စပ်ကို ပြောင်းရွှေ့နေတာကို ထောက်လှမ်းရေး သတင်းတွေအရ သိရတယ်လို့ ပြောပြီး ဟောင်ကောင်ဟာ သိပ်ခက်ခဲတဲ့ အခြေအနေမှာ ရှိနေတယ်လို့ အင်္ဂါနေ့ကပြောခဲ့ပါတယ်။

ဟောင်ကောင်က အခြေအနေတွေ ဆိုးရွားလာတာနဲ့အမျှ တရုတ် နိုင်ငံပိုင် သတင်းဌာနေတွေက ဟောင်ကောင်က ရုန်းရင်းဆန်ခတ်မှုတွေကို အသားပေး ဖော်ပြပြီး ဥပဒေစိုးမိုးရေး ပြန်လည် ဖော်ဆောင်ဖို့ တိုက်တွန်းနေခဲ့ပါတယ်။ ဆန္ဒပြပွဲ အစပိုင်းတုန်း ကတော့ ဒီ သတင်းတွေ ဖော်ပြ ခြင်း မရှိခဲ့ပါဘူး။ ဗုဒ္ဓဟူးနေ့က Global Times သတင်းထောက် အဖြစ်အပျက် ဖြစ်အပြီးမှာတော့ ဒီလို တောင်းဆိုမှုတွေ အမြင့်ဆုံးကို ရောက် ရှိခဲ့ပါတယ်။

ဇွန်လက စပြီး ပိုမို ပြင်းထန်လာခဲ့တဲ့ ဟောင်ကောင်ဆန္ဒပြပွဲဟာ သီတင်းပတ် ၁၀ ပတ်ကျော်လာပြီဖြစ်သလို ၁၉၉၇ ခုနှစ်မှာ ဗြိတိန်နိုင်ငံကနေ ဟောင်ကောင်ကျွန်းကို တရုတ်လက်ထဲ ပြန်လည် လွှဲပြောင်းပြီးနောက်ပိုင်း အဆိုးရွားဆုံး အကျပ်အတည်း တစ်ခုလည်း ဖြစ်ပါတယ်။ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ အိန္ဒိယ စတဲ့ နိုင်ငံတွေက ဟောင်ကောင်ကို သွားမယ့် သူတို့နိုင်ငံသားတွေ အနေနဲ့ အထူး သတိဝီရိယရှိဖို့ ခရီးသွား နှိုးဆော်ချက် ထုတ်ပြန်ထားပါတယ်။ ဟောင်ကောင် အစိုးရနဲ့ ဆန္ဒပြသူတွေအကြား တိုးတက်မှု တစ်စုံတစ်ရာ မရှိသေးပေမဲ့ ဝန်ဆောင်မှု နှစ်ရက်ကြာရပ်ဆိုင်းခဲ့ရတဲ့ ဟောင်ကောင် လေဆိပ်ကတော့ ဗုဒ္ဓဟူးနေ့မှာ လုပ်ငန်း ပြန်လည် စတင် လည်ပတ်နေပါပြီ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG