သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ဆန္ဒပြပွဲ အကြမ်းဖက်မှု အသွင်ပြောင်းလာ


ဟောင်ကောင်မှာတော့ ဒီကနေ့ လူတွေထောင်နဲ့ ချီ ဆန္ဒပြခဲ့ကြပြီး၊ ဆန္ဒပြပွဲတွေဟာ ညပိုင်းမှာတော့ ဆန္ဒပြတဲ့သူတွေနဲ့ ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ကြပြီး အကြမ်းဖက်တာတွေအထိဖြစ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဆန္ဒပြတဲ့သူတွေကို မျက်ရည်ယိုဗုံးတွေသုံးပြီး လုစုခွဲခဲ့ပြီးတော့ ဆန္ဒပြတဲ့သူတွေက ရဲစခန်းကို ခဲတွေ၊ အုတ်နီခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။

ဆန္ဒပြပွဲတွေဟာ အစောပိုင်းမှာတော့ အရင်လို ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး၊ ဆန္ဒပြတဲ့သူတွေက သီချင်းတွေသီဆိုတီးမှုတ်ပြီး ဆန္ဒပြခဲ့ကြတာပါ။ ဒါပေမဲ့ ညနေပိုင်းမှာတော့ ဆန္ဒပြတဲ့သူတွေထဲက တချို့အဖွဲ့တွေက ရဲတပ်ဖွဲ့ နဲ့ တရုတ်ပြည်မကြီးနဲ့ ဆက်ဆံရေးရုံးတွေ ဘက်ကို ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီနောက် ဆန္ဒပြတဲ့သူ ရာပေါင်းများစွာက လမ်းတွေကို ပိတ်ဆို့လိုက်ပြီး ရဲစခန်းကိုလည်း ခဲတွေ နဲ့ ပစ်ပေါက်ပြီး မှန်ပြတင်းပေါက်တွေကို ခွဲခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့က ဆန္ဒပြတဲ့သူတွေကို မျက်ရည်ယိုဗုံးတွေသုံးပြီး ပြန်နှိမ်နှင်းခဲ့ပါတယ်။

မနေ့စနေနေ့တုန်းကလည်း ဆန္ဒပြခဲ့ကြတာကြောင့် ဒါဟာ ဟောင်ကောင်မှာ ၂ ည ဆက်တိုက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ မနေ့ကဆန္ဒပြမှု အတွင်းမှာလည်း ဆန္ဒပြတဲ့သူတွေ နဲ့ ရဲတပ်ဖွဲ့ တို့ ထိပ်တိုက်တွေ့ခဲ့ကြပြီး၊ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ ရာဘာကျည်ဆံတွေနဲ့ နှိမ်နှင်း ခဲ့ပါတယ်။ တရုတ်ပြည်မကြီးကို တရားခံလွှဲပြောင်းပေးရေးဥပဒေကြမ်းကိုမကျေနပ်လို့ ဟောင်ကောင် ပြည်သူတွေက အခုလိုဆန္ဒပြခဲ့ကြတာ ဖြစ်ပြီး ၊ အခုဆိုရင် ၂ လကျော်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့လည်း တရုတ်အစိုးရကတော့ ဆန္ဒပြပွဲတွေကို ဆက်မဖြစ်အောင် လုပ်သွား မယ်လို့ တရုတ်ပင်မ သတင်းမီဒီယာတခုက သတိပေးလိုက်ပါတယ်။ ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam က ဒီဥပဒေကြမ်း ကို ပြန်ရုပ်သိမ်းလိုက်ပြီး၊ လက်ရှိမငြိမ်သက်မှုတွေ နဲ့ ပတ်သက်ပြီး တောင်းပန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဆန္ဒပြတဲ့သူတွေက အုပ်ချုပ်ရေးမှူး Lam နုတ်ထွက်ပေးဖို့၊ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ နဲ့ ရဲတပ်ဖွဲ့ရဲ့အင်အားသုံးနှိမ်နှင်းမှုတွေကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG