သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ဆန္ဒပြမှု တရုတ်ပြည်မကြီးအနီးထိ ပြန့်နှံ့


ဟောင်ကောင် အစိုးရ ဟာ ကာလကြာရှည် ဖြစ်ပွားနေတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေနဲ့ ရင်ဆိုင်နေရပြီး ဒီဆန္ဒပြပွဲတွေကလည်း အထွေထွေ သပိတ်ကြီး အဖြစ်ကနေ တနေရာကနေ တနေရာကို အမြန်ပြောင်းရွှေ့ ဆန္ဒပြတဲ့ အနေထားတွေ ဖြစ်လာနေသလို၊ ဆန္ဒပြမှုတွေဟာ ဟောင်ကောင်မြို့လယ်ခေါင်ကနေ တရုတ်ပြည်မကြီးနားက ဒေသလေးတွေအထို ရောက်သွားပြီး တခါတရံမှာ အကြမ်းဖက်မှုတွေ ဖြစ်နေပါတယ်။

ဆန္ဒပြသူတွေက ရဲတွေကို ဓါတ်ဆီပုလင်းနဲ့ လုပ်ထားတဲ့ ဗုံးတွေနဲ့ ပစ်ပေါက်ကြသလို ရဲတွေကလည်း မျက်ရည်ယိုဗုံးတွေ ရာဘာကျည်ဆံတွေ နဲ့ ပြန်လည်ပစ်ခတ်ခဲ့တာပါ။ တနင်္လာနေ့မှာပဲ ဆန္ဒပြသူ ဒါဇင်နဲ့ချီ အဖမ်းခံခဲ့ရကြသလို ဒဏ်ရာရသူကလည်း အများအပြား ရှိနေတာပါ။

အထွေထွေသပိတ်ကြီး ခေါ်လာတဲ့အတွက် အစမှာ ရထားတွေ လေယာဉ်တွေ ပြေးဆွဲလို့မရပဲ ရပ်ထားရသလို နောက်ပိုင်းမှာတော့ ဆန္ဒပြသူတွေက လမ်းတွေမှာ ပိတ်လိုက်ကြသလို လှိုဏ်ခေါင်းတွေကိုပါ သိမ်းပိုက်ခဲ့ကြပြီး ရဲစခန်းတွေကို တိုက်ခိုက်ခဲ့ကြတာပါ။ အဝေးပြေးလမ်းတွေကို ပိတ်ထားသူတွေနဲ့ ရဲစခန်းကို ဝင်မွှေကြသူတွေကို ဟောင်ကောင်ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့တာပါ။

ဆန္ဒပြသူတွေဟာ ဟောင်ကောင်ကျွန်းကို အင်မတန် အန္တရာယ်ဖြစ်စေတဲ့အခြေအနေရောက်အောင် တွန်းပို့နေတယ်လို့ တရုတ်အစိုးရက ကျောထောက်နောက်ခံပေးထားတဲ့ အုပ်ချုပ်ရေးမှူး Carrie Lam က သတင်းထောက်တွေကို ပြောပါတယ်။ ရာထူးကနုတ်ထွက်ပေးဖို့ သူမကို ဆန္ဒပြသူတွေက တောင်းဆိုနေကြပေမယ့် အုပ်ချုပ်ရေးမှူး Lam က ပယ်ချခဲ့ပါတယ်။

ဟောင်ကောင်မှာ အစိုးရက တရုတ်ပြည်မကြီးကို တရားခံလွဲပြောင်းမယ့် ဥပဒေမူကြမ်းကို ဆန့်ကျင် ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ စတင်ခဲ့တာ အခုဆိုရင်သီတင်းပတ် ၉ ပတ် ဆက်တိုက် ကြာမြင့်လာပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG