သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ဆန္ဒပြသူတွေသုံးနေတဲ့ App ၊ Apple Store ဖယ်ရှား


ဟောင်ကောင်ဆန္ဒပြသူတွေကြား ကျယ်ကျယ်ပြန့်ပြန့်သုံးနေကြတဲ့ လမ်းညွှန် Mobile app တခုကို Apple app store ကနေ ဖယ်ရှားလိုက်ပါတယ်။

ဆန္ဒပြပွဲတွေ ဘယ်မှာ ရှိနေတယ်။ ရဲလုံခြုံရေးတွေ ဘယ်နားမှာ ရှိနေတယ်။ ဘယ်နားမှာ လမ်းတွေ ပိတ်ထားတယ်ဆိုတာကို သုံးစွဲသူတွေကြား အချိန်နဲ့တပြေးညီ အသိပေးပြသတဲ့ HKmap.live app တွေကို ရယူ download လုပ်နိုင်တဲ့ app store ကနေ Apple ကုမ္ပဏီက ဖယ်ရှားလိုက်တာပါ။

ဒီ app ကိုသုံးပြီး အကြမ်းဖက်တဲ့ ဆန္ဒပြသူတွေအနေနဲ့ ရဲတွေ ဘယ်မှာရှိနေတယ်ဆိုတာ သိရှိပြီး ခြုံခိုတိုက်ခိုက်နေတဲ့အတွက် ဒီ app ကို Apple app store ကနေ ရယူခွင့်ပေးတာဟာ အမျှော်အမြင်နည်းပြီး မဆင်ခြင်တဲ့ လုပ်ရပ်ဖြစ်လို့ တရုတ်အစိုးရပိုင် သတင်းမီဒီယာမှာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး နောက်တရက်မှာ Apple ကခုလို ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။

HKmap.live ကို Apple က သူ့ရဲ့ App store မှာ မူလက တင်ခွင့်မပြုခဲ့ဘဲ တင်ခွင့်ပြုပြီး သီတင်း ၁ ပတ်တောင် မပြည့်ခင်မှာ ဖယ်ရှားလိုက်တာပါ။ HKmap.live app ကြောင့် ဟောင်ကောင်ဒေသခံတွေ၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသူတွေကို အန္တရာယ်ဖြစ်စေတာကြောင့် ဖယ်ရှားလိုက်တာလို့ Apple ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဒီ app ကို ဖန်တီးသူတွေကတော့ တရုတ်ပြည်မကြီးအစိုးရရဲ့ စွပ်စွဲချက်ကို ပယ်ချခဲ့ပြီး သူတို့ app ဟာ ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်ဖို့ ဘယ်တုန်းကမှ အားပေး တိုက်တွန်းခဲ့ခြင်းမရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

အသုံးပြုသူတွေနဲ့ အများပြည်သူဆီက စုဆောင်းရရှိတဲ့ အချိန်နဲ့တပြေးညီ သတင်းတွေ၊ အချက်အလက်တွေကို စုစည်းဖော်ပြပေးနေတဲ့ App သာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

[Unicode Version]







တိုက်ရိုက် လင့်ခ်
XS
SM
MD
LG