သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင် ဆန္ဒပြမှု နှိမ်နင်းဖို့ တရုတ်အကူအညီ ယူမည်လော


ဆန္ဒပြမှုတွေ ၄ လကြာ ဆက်တိုက်ဖြစ်ပွားနေတဲ့ ဟောင်ကောင်မှာ ဒီ သီတင်းပတ်ကုန်ထဲ ပြင်းထန်တဲ့ ဆန္ဒပြပွဲတွေနဲ့ မငြိမ်မသက်မှုတွေ ဆက်လက် ဖြစ်ပွားခဲ့ပြီးတဲ့နောက် အခက်ကြုံနေရတဲ့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam က အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ တရုတ်ပြည်မကြီးရဲ့ အကူအညီကို ရယူဖို့အချက်ကိုလည်း ပစ်ပယ်မထားဘူးလို့ ဆိုပါတယ်။ VOA သတင်းထောက် Patsy Widakuswara ပေးပို့ထားတာကို ကိုရဲမင်းထွန်းက ပြောပြပါမယ်။

ဟောင်ကောင်က ဆန္ဒပြပွဲတွေကို တားဆီးဖို့ လူမြင်ကွင်းမှာ မျက်နှာဖုံးစွပ် သွားလာတာကို ပိတ်ပင်ခဲ့တဲ့ ဟောင်ကောင် အစိုးရရဲ့ အရေးယူ ဆောင်ရွက်ချက်ကြောင့် ဟောင်ကောင်က ဆန္ဒပြပွဲတွေ အဆုံးသတ်ပြီး ငြိမ်ဝပ်ပိပြားသွားရမယ့်အစား ပိုမို ပြင်းထန်တဲ့ အကြမ်းဖက် ဆန္ဒပြပွဲတွေကိုသာ တိုးပြီး ရင်ဆိုင်လာခဲ့ရပါတယ်။ မျက်နှာဖုံး တပ်ဆင် ဆန္ဒပြရတဲ့ အကြောင်းရင်းကို ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။
" ကျွန်မတို့ ဘယ်သူဘယ်ဝါဆိုတာကို ဖုံးကွယ်နိုင်ဖို့ ဒီ မျက်နှာဖုံးတွေကို တပ်ရတာပါ။ မတပ်ရင် ကျွန်မတို့ အလုပ် ထုတ်ခံရတာတွေ၊ အလုပ် ပြုတ် သွားနိုင်တာတွေ ရှိပါတယ်။ ကျွန်မတို့ကို ဘယ်သူဘယ်ဝါမှန်းသိသွားရင် ရဲကို အားပေးအားမြှောက် လုပ်နေသူတွေ ကလည်း ကျွန်မတို့ကို ရိုက်နှက် နှိပ်စက်နိုင်ပါတယ်။"

ဟောင်ကောင် ဆန္ဒပြပွဲတွေ ၄ လတာ ကြာမြင့်လာချိန်မှာပဲ ဆန္ဒပြပွဲတွေကြောင့် အကြပ်ရိုက်နေတဲ့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam က လက်ရှိပြဿနာကို ကိုယ်ဘာသာ ဖြေရှင်းဖို့ ကြိုးစားသင့်ပေမဲ့ တရုတ်ပြည်မကြီးရဲ့ အကူအညီ ရယူဖို့အချက်ကိုလည်း ဖယ်ချန် မထားဘူးလို့ ပြောပါတယ်။

" အခြေအနေက သိပ်ဆိုးလာမယ် ဆိုရင်တော့ ဘယ်နည်းလမ်းကိုမှ ဖယ်ချန်ထားမှာ မဟုတ်ဘူး။ အနည်းဆုံး ဟောင်ကောင်ကို နောက်ထပ် အခွင့်အလမ်းတစ်ရပ် ထပ် ရစေချင်တယ် ဆိုရင်ပေါ့။ "
ဟောင်ကောင်အရေး တရုတ်ပြည်မကြီးသာ ပါဝင်ပတ်သက်လာမယ်ဆိုရင်တော့ ဗြိတိသျှ ကိုလိုနီဟောင်းဖြစ်တဲ့ ဟောင်ကောင်မှာ ရှိနေပြီး သား အကျပ်အတည်းကထက် တစ်ဆင့်တက်ပြီး တစ်ဖက်စွန်းရောက်တဲ့အခြေအနေကို ရောက်ရှိသွားနိုင်တယ်လို့ ဒီမိုကရေစီ လိုလားသူ Eric Lai က ဆိုပါတယ်။

" တရုတ်ပြည်မကြီးက တပ်တွေ ဟောင်ကောင်ကို စေလွှတ်မယ်ဆိုရင် တစ်နိုင်ငံ စနစ်နှစ်မျိုး အုပ်ချုပ်မှုပုံစံ အဆုံးသတ်ပျောက်ကွယ် သွားပြီဆိုတဲ့ သတင်းစကား ကမ္ဘာကြီးကို ပေးပို့လိုက်သလို ဖြစ်သွားမှာပါ။ နောက်ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ဘယ်သူမှာ အာမ မခံနိုင်ပါဘူး။ ဒုတိယ Tiananmen နှိပ်ကွပ်မှုတစ်ခု ဖြစ်လာနိုင်တာက လွဲလို့ပေါ့။"
တရုတ်ပြည်မကြီးကို လိုလားတဲ့ ဟောင်ကောင် ဥပဒေပြု အမတ်တွေက VoA ရဲ့ မေးမြန်းချက်တွေကို တုန့်ပြန်တာ မရှိပေမဲ့ ဒီမိုကရေစီ ဘက်တော်သား အမတ်တစ်ယောက်ဖြစ်တဲ့ Charles Mok ကတော့ အစိုးရဟာ လူတွေရဲ့ ဒေါသနဲ့ ဆူပူမှုတွေကို ပိုပြီး ဆွပေးနေတယ်လို့ ဆိုပါတယ်။

" ကျွန်တော် စိုးရိမ်တာက အစိုးရက ပြဿနာကို ဖြေရှင်းဖို့ အစစ်အမှန် ကြိုးစားနေတာ မဟုတ်တာကိုပါ။ သူတို့က သဘောထား ကွဲလွဲမှုတွေကို ပိုပြီး ဖန်တီးပေးနေတယ်။ လူတွေ တော်တော်များများ စိတ် မသက်မသာ ဖြစ်နေကြပါတယ်။ "

ခုလို လချီ ကြာလာတဲ့ ဟောင်ကောင်က မငြိမ်မသက် ဖရိုဖရဲဖြစ်မှုတွေနဲ့အတူ တစ်နိုင်ငံ စနစ် နှစ်မျိုး အုပ်ချုပ်မှု ပုံစံ သက်တမ်း ကုန်ဆုံး ချိန် ဘာဖြစ်လာမလဲဆိုတဲ့ မေးခွန်းကိုလည်း လူတွေက စိတ်ဝင်စားလာနေကြပါတယ်။ ဟောင်ကောင် တရားရုံး ရှေ့နေချုပ်ဟောင်း Daniel Fung ကတော့ နှစ်ဖက် ဆွေးနွေးမှုဟာ အခရာ ကျတယ်လို့ ဆိုပါတယ်။

" အရေးပါတဲ့ အဖြေတစ်ခု အနေနဲ့ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ညီလာခံတစ်ခု စ လုပ်ဖို့ပါပဲ။ တစ်နိုင်ငံ စနစ် နှစ်မျိုး ပုံစံကို ဘယ်လို ပို ကောင်းအောင် လုပ်ကြမလဲ၊ ပြီးတော့ ၂၀၄၇ ခုနှစ်နောက်ပိုင်း ဘယ်လို အလုပ်ဆက်လုပ်ကြမလဲ ဆိုတာတွေကို ဆွေးနွေးဖို့ ကျွန်တော်တို့ မှာ အချိန်တွေ ရှိနေပါသေးတယ်။"

ဟောင်ကောင်မှာ ဆန္ဒပြသူတွေက သူတို့ရဲ့ လိုလားချက်တွေကို ဖြည့်ဆည်းပေးဖို့ တောင်းဆိုနေကြဆဲဖြစ်ပါတယ်။ ဒီမိုကရေစီ အပြည့်အ၀ ရဖို့နဲ့ ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်တွေကို စုံစမ်းစစ်ဆေးပေးဖို့ဆိုတဲ့ အချက်တွေက သူတို့ အဓိက တောင်းဆိုနေတဲ့အချက်တွေ ဖြစ်ပါတယ်။
(Unicode)













တိုက်ရိုက် လင့်ခ်
XS
SM
MD
LG