ဟောင်ကောင်မှာ စနေနေ့က ၁၃ ပတ်မြောက် အစိုးရဆန့်ကျင် ဆန္ဒပြပွဲအတွင်း ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ဆက်ပြီး ထိပ်တိုက် တွေ့ခဲ့ကြပါတယ်။
လွှတ်တော်အဆောက်အဦရှေ့ ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေ ပစ်ခတ်ခဲ့သလို ဘယ်သူတွေ ဆန္ဒပြသလဲဆိုတာ သိသာအောင် အပြာရောင်ဆိုးထားတဲ့ ရေတွေနဲ့ မီးသတ်ပိုက်တွေသုံးပြီး ပက်ဖျန်းခဲ့ပါတယ်။
အမည်းရောင်တွေ ဖုံးအုပ်ဝတ်ဆင်ထားတဲ့ ဆန္ဒပြသူတွေဘက်ကလည်း ထီးတွေကိုဖွင့် အကာအကွယ်ယူပြီး ရဲတွေဘက်ကို မီးလောင်ဗုံးတွေ၊ ကျောက်ခဲတွေနဲ့ ပြန်ပြီး ပစ်ပေါက်ခဲ့ကြပါတယ်။
ဟောင်ကောင်ရဲတပ်ဖွဲ့ ဌာနချုပ်အနီးက အဓိကလမ်းမကြီးပေါ်မှာရှိနေတဲ့ ပိတ်ဆို့ထားတဲ့ အတားအဆီးကို ဆန္ဒပြသူတွေက အကြီးအကျယ် မီးရှို့ခဲ့ပြီးနောက် မည်းမှောင်နေတဲ့ မီးခိုလုံးကြီးတွေ တက်လာခဲ့ပါတယ်။
ရဲတွေဘက်က မီးတွေကို ငြှိမ်းသတ်ခဲ့ပြီး ဆန္ဒပြသူတွေကိုလည်း အခြား မြို့လယ်ကောင်ဘက်ကို ရွှေ့သွားဖို့ မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆန်တွေနဲ့ ပစ်ခတ်လူစုခွဲခဲ့ပါတယ်။
စနေညနေပိုင်းမှာတော့ အစိုးရ အုပ်ချုပ်ရေးရုံးတွေရှိတဲ့ နေရာမှာ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ထိပ်တိုက်တွေ့ခဲ့တဲ့အတွက် အများအပြား ဖမ်းဆီးခံခဲ့ရပါတယ်။ သောကြာနေ့ကလည်း ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင် Joshua Wong နဲ့ Agnes Chow အပါအဝင် ရှေ့နေတွေ၊ တက်ကြွလှုပ်ရှားသူတွေ အများအပြားကို အများပြည်သူ လိုက်နာရမယ့် ဥပဒေ မထီမဲ့မြင်ပြုမှု၊ ချိုးဖောက်မှု စတဲ့ စွဲချက်တွေ တင်ခံထားရပါတယ်။