သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်ကျောက်စိမ်းတွင်းတွေ ပိတ်သိမ်းဖို့ ကချင်အရေးလှုပ်ရှားသူတို့ လိုလား


ကချင်ပြည်နယ် ဖားကန့်က ကျောက်စိမ်းဒေသမှာ ဒီနှစ်တနှစ်တည်းမှာကို ခုနှစ်လအတွင်း လူပေါင်း ၁၀၀ကျော် သေဆုံးခဲ့ရတဲ့အတွက် နောက်ထပ် မြေပြိုကျမှုတွေဖြစ်နိုင်တဲ့ အန္တရာယ်ရှိလွန်းနေတဲ့ ကျောက်စိမ်းတွင်းတွေကို လုံးဝတားမြစ်ပိတ်သိမ်းပစ်ဖို့နဲ့ နိုင်ငံသူနိုင်ငံသားတွေရဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့်ဖြစ်လာရတဲ့ နောက်ဆက်တွဲ အသက်အန္တရာယ် ဆုံးရှုံးနစ်နာရမယ့်အရေးကို ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က အထူးအရေးတကြီးဆောင်ရွက်ဖို့ သင့်နေပြီလို့ ကချင်အရေးလှုပ်ရှားသူတွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ စက်ယန္တယားကြီးတွေ သုံးပြီး စည်းကမ်းတူးဖော်နေတာတွေ လုပ်ငန်းခွင် တွင်းလုံခြုံမှုမရှိတာ နောက် ရေမဆေးကျောက်ရှာဖွေသူတွေ မြေပြိုကျမှုကြောင့် အစုလိုက်အပြုံလိုက်သေဆုံးမှုတွေကို ဟန့်တားကာကွယ်နိုင်ဖို့အတွက် ဖားကန့်ဒေသထဲ တရားဥပဒေစိုးမိုးမှုနဲ့ ခိုင်မာတဲ့ဥပဒေတွေပြဋ္ဌာန်းနိုင်ဖို့လို့ လိုအပ်နေပြီလို့ သုံးသပ်ကြပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ကမ္ဘာကျော်အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းတွေ ထွက်ရှိရာ ကချင်ပြည်နယ်ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းခွင်တွေက ထွက်လာတဲ့ စွန့်ပစ်မြေစာပုံတွေထဲမှာ ရေမဆေးကျောက်တွေကို နိုင်ငံတဝှမ်းက လူူအများအပြား လာရောက်အခြေချကြပြီး စွန့်ပစ်ကျောက်တွေကို ရှာဖွေနေကြချိန် မိုးရာသီမှာ မိုးများရေကြီးပြီး မြေပြိုကျတာရှိသလို ကျောက်တူးစက်ကြီးတွေနဲ့ တူးဖော်နေလို့ တုန်ခါမှုတွေနဲ့ မြေစာပုံတွေ မြေကမ်းပါးရံတွေမကြာခဏ ပြိုကျလို့ လူရာချီနဲ့သေဆုံးရတာရှိသလို လူအများအပြား မြေပိပြီး ပျောက်ဆုံးသွားရတာတွေလည်းရှိနေတာဖြစ်ပါတယ်။

ဒီနှစ် ၂၀၁၈ခုနှစ်ကတော့ လူအသေအပျောက်အများဆုံးနဲ့ မြေပြိုကျမှု အဆိုးရွားဆုံး နှစ်တနှစ်ဖြစ်ပြီး ဇူလိုင်လ တလတည်းမှာကို ဇူလိုင်လ ၁၄ရက်နေ့က တကြိမ် ဇူလိုင်လ ၂၄ရက်နေ့က တကြိမ် နှစ်ကြိမ်မြေပြိုကျခဲ့ပြီး အခုနောက်ဆုံးမြေပြိုကျမှုမှာတော့ အနည်းဆုံး လူ ၂၃ဦး ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒီလိုမျိုး လူအမြောက်အမြားသေဆုံးနေရတဲ့ မြေပြိုကျမှုတွေ ရှိနေပေမဲ့လို့ အသက်အန္တရာယ်ကြီးမားလွန်းလှတဲ့ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းခွင်တွေမှာလည်း ဆက်ပြီးရေမဆေးကျောက်တွေ တူးဖော်ရှာဖွေနေကြတဲ့အနေအထားကတော့ သိပ်ကို အန္တရာယ်ကြီးလွန်းလှတယ်လို့ ဒေသခံတွေကသုံးသပ်ပါတယ်။

အဓိကကတော့ အလုပ်အကိုင်ရှားပါးတာ၊ ခိုင်မာတဲ့ဘဝအာမခံချက်ရှိတဲ့ အသက်မွေးကြောင်းလုပ်ငန်းတွေ လုပ်ကိုင်ခွင့်အခွင့်အလမ်းတွေ ရှားပါးလွန်းတာကလည်း အခုလို ကိုယ့်အသက်အန္တရာယ်ကို မငဲ့ပဲနဲ့ လုပ်ကိုင်နေကြရတဲ့ အခြေခံအကြောင်းတရားဖြစ်တယ်လို့ ဒေသခံတွေနဲ့ ကချင်စစ်ပြေးဒုက္ခသည်တွေကို ကူညီကယ်ဆယ်ပေးနေတဲ့အဖွဲ့ပေါင်း(၉)ဖွဲ့ စုဖွဲ့ထားတဲ့ ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ရဲ့အတွင်းရေးမှူးလည်းဖြစ် ကချင်အရေးလှုပ်ရှားသူ ဦးဂွမ်ရှာအောင်က သုံးသပ်ပါတယ်။

"ဒီကိစ္စတော့ ကျနော်တို့နိုင်ငံရေးနဲ့ စီးပွားရေး နဲ့လည်း အများကြီး ဆက်စပ်တာပေါ့နော် အထူးသဖြင့် ဖားကန့်ဒေသမှာသွားရောက်ပြီး အောက်ခြေလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့လူအများစုက ရွှေ့ပြောင်းလုပ်သားတွေအများစုဖြစ်တဲ့အားလျော်စွာ တဖက်မှာကျတော့ သူတို့အတွက် စားဝတ်နေရေးလုပ်ဆောင်ပေးတဲ့နေရာမှာ ဥပဒေကြောင်းအရလည်း တဖက်မှာကတော့ သူတို့အသက်မွေးဝမ်းကျောင်းမှုနဲ့ ပတ်သက်နေတော့ ဒီကိစ္စတွေဖြစ်လာတဲ့အချိန်မှာ ဒီဒေသခံပြည်သူတွေ အတွက်လည်း ထည့်သွင်းစဉ်းစားဖို့ သေချာအကာအကွယ်ပေးဖို့လိုတယ်။"

အခုလို ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းခွင်တွေထဲ စက်ယန္တယားကြီးတွေသုံးပြီး စည်းကမ်းမဲ့တူးဖော်နေတာတွေ သက်တမ်းလွန်လုပ်ကွက်တွေထဲ အန္တရာယ်များလွန်းတဲ့အနေအထားတွေမှာ ဆက်ပြီး အရဲစွမ့်ရှာဖွေနေသေးတာတွေရှိတဲ့အတွက် လုံးဝပိတ်သိမ်းပစ်ဖို့နဲ့ ဖြစ်ခဲ့တဲ့မြေပြိုကျမှုတွေကို စနစ်တကျ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း ကချင်ငြိမ်းချမ်းရေးကွန်ရက်က မခွန်ဂျာက အကြံပြုပါတယ်။

"တရားဝင်ရော တရားမဝင်ရော လုပ်ငန်းခွင်တခုလုံးမှာ အန္တရာယ်ရှိမှု၊ မရှိမှုပေါ်မှာမူတည်ပြီးတော့ လုပ်ငန်းခွင်အားလုံး၊ မှိုင်းတွင်းတွေအားလုံးကို ရပ်ထားစေချင်တယ်ရှင့်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ မှိုင်းတွင်းတွေကိုအရင်ပိတ်ချလိုက်ပြီးမှ ဘေးကင်းလုံခြုံရေးရှု့ထောင့်ကနေကြည့်ပြီးတော့ အကုန်လုံးကို ပြန်ပြီးတော့ စိစစ်စေချင်တယ်။ တကယ်တမ်းဖားကန့်နေရာမှာ လောလောဆယ်ဖြစ်နေတာက Law Enforcement ဘက်မှာသော်လည်းကောင်း Monitoring ဘက်မှာသော်လည်းကောင်း ဘယ်ကဏ္ဍ၊ ဘယ်ဝန်ကြီးဌာနမှ လုပ်ဆောင်နေတာမတွေ့ဘူး ပြီးရင်လည်း မှိုင်းတွင်းတွေ လုံခြုံရေးကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ယူတော့ စစ်တပ်ကယူတာရော၊ရဲဘက် ကယူနေတဲ့အခါ အကျင့်ပျက်ချစားမှုတွေပါတော့ လိုအပ်တာထက် ပြဿနာ ဖြစ်နေတယ်။ ဒါကြောင့် ဥပဒေစိုးမိုးမှုနဲ့ ဘေးကင်းလုံခြုံရေးအတွက် အခုလောလောဆည် အထူးသဖြင့်မိုးတွင်းမှာ အားလုံးကို ရပ်ခိုင်းထားသင့်ပါတယ်။"

အခုလို ကချင်ပြည်နယ်တွင်းမှာ မိမိတို့နိုင်ငံသူ နိုင်ငံသားတွေ ရာနဲ့ချီ လူအစုလိုက်အပြုံလိုက် သေဆုံးမှု ဖြစ်ပွားနေရတဲ့ အနေအထားကိုတော့ သက်ဆိုင်ရာအစိုးရတာဝန်ရှိသူတွေဘက်က ခိုင်မာတဲ့ဥပဒေတွေပြဋ္ဌာန်းပြီး နိုင်ငံသားအခွင့်အရေးနဲ့အညီ ကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်နေပြီလို့လည်း ကချင်ဒေသခံ ဦးဂွမ်ရှာအောင်က တိုက်တွန်းပါတယ်။

"ဒီလက်လုပ်လက်စားလုပ်နေတဲ့လူတွေ အထူးသဖြင့် ဒီလိုသေဆုံးမှုအများဆုံးက ရေမဆေးကောက်တဲ့လူတွေများတာပေါ့နော် ။ သူတို့အတွက်ထည့်သွင်းစဉ်းစားဖို့ ဥပဒေပြုတဲ့အချိန်မှာ လုပ်ငန်းရှင်ကြီးတွေအတွက်ပဲမဟုတ်ပဲနဲ့ ဒီဒေသခံလူထုအတွက် အကျိုးရှိဖို့ ၊ ကိုယ့်နိုင်ငံသားတွေကိုလည်း အမြဲတမ်းအကာအကွယ်ပေးဖို့ သူတို့အတွက် လိုအပ်တဲ့ ဘေးကင်းလုံခြုံရေးကိစ္စ အဲဒါတွေကိုလည်း အလေးပေးစဉ်းစားဖို့လိုတယ်လို့ ကျနော်မြင်ပါတယ်။"

မကြာခဏ မြေပြိုကျ မတော်တဆမှုတွေ ကြုံရလေ့ရှိတဲ့၊ ကချင်ပြည်နယ်က ကျောက်စိမ်းတူးဖော်ရာ ဒေသမှာ သေဆုံးသူပေါင်း ဇူလိုင်လနှောင်းပိုင်းအထိ ၁၂၀ ကျော်အထိ ရှိနေပြီဖြစ်ပြီး အခုလို ဖားကန့်ဒေသထဲ မြေပြိုကျမှုတွေကြောင့် ပျောက်ဆုံးနေဆဲ လူတွေ မြေပိလို့ သေဆုံးခဲ့ရတဲ့ သူတွေရဲ့ ကျန်ရစ်သူမိသားစုတွေကို အစိုးရနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က လူသားချင်းစာနာတဲ့အနေနဲ့ ထိရောက်တဲ့ ကူညီဖြေရှင်းမှုတွေနဲ့ ဆောင်ရွက်ပေးသင့်တယ်လို့လည်း အကြံပြုကြပါတယ်။ ဒေသတွင်းက ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေကို စနစ်တကျ ထိန်းချုပ်ဖို့နဲ့ လွှတ်တော်ဘက်က ခိုင်မာတဲ့ ကျောက်မျက်ဥပဒေတရပ်ကိုလည်း အမြန်ဆုံး ရေးဆွဲပြဌာန်းဖို့လည်း တိုက်တွန်းတောင်းဆိုနေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG