သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေတ်နဲ့မညီတဲ့ ဥပဒေဟောင်းတွေပြင်ဖို့ HRW တိုက်တွန်း


လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ စုဝေးခွင့်ကို ဖိနှိပ်ထားတဲ့ ဥပဒေတွေအပေါ် လေ့လာသုံးသပ်ထားတဲ့ HRW အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲ
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ စုဝေးခွင့်ကို ဖိနှိပ်ထားတဲ့ ဥပဒေတွေအပေါ် လေ့လာသုံးသပ်ထားတဲ့ HRW အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်တဲ့ အစိုးရသစ်အနေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ကန့်သတ်ထိန်းချုပ်ထားတဲ့ ဥပဒေဟောင်းတွေကို ဖျက်သိမ်းပစ်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့် အကဲခတ် အဖွဲ့ဖြစ်တဲ့ Human Rights Watch က တိုက်တွန်း လိုက်ပါတယ်။ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ စုဝေးခွင့်ကို ဖိနှိပ်ထားတဲ့ ဥပဒေ တွေအပေါ် လေ့လာသုံးသပ်ထားတဲ့ အစီရင်ခံစာတစောင်ကို ဒီကနေ့ ထုတ်ပြန်ရာမှာ HRW အဖွဲ့က ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ HRW အဖွဲ့ရဲ့ ရန်ကုန်မြို့က သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးမှာဖြစ်ပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်ဆိုင်ရာ အခွင့်အရေးတွေကို အာမခံနိုင်အောင် NLD အစိုးရသစ်အနေနဲ့ အမြန်ဆုံးဆောင်ရွက်ဖို့ နိုင်ငံတကာက လူ့အခွင့်အရေး အခြေအနေတွေကိုစောင့်ကြည့် အကဲခတ်နေတဲ့ HRW က တိုက်တွန်းလိုက်တာပါ။ အခြေခံ လူ့အခွင့်အရေးတွေကို ချိုးဖောက်ပြီး အတိုက်အခံတွေ၊ တက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်ခဲ့တဲ့ ဥပဒေတွေကို အဓိက လေ့လာ သုံးသပ်ထားတဲ့ အစီရင်ခံစာတစောင်ကို ဒီကနေ့ ဇူလိုင်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်ချိန်မှာပဲ ခေတ်နဲ့မလျော်ညီတော့တဲ့ ဥပဒေဟောင်းတွေကို ပြင်ဆင်တာ၊ ရုပ်သိမ်းတာတွေလုပ်ဖို့ တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ ဒါမှသာ စစ်မှန်တဲ့အပြောင်းအလဲကို ဖော်ဆောင်ရာရောက်တယ်လို့လည်း HRW အဖွဲ့ရဲ့ ဥပဒေရေးရာ အကြံပေး Linda Lakhdhir က ပြောဆိုလိုက်ပါတယ်။

"မြန်မာပြည်ရဲ့ အပြောင်းအလဲကာလမှာ နိုင်ငံသားတိုင်းရဲ့ လူ့အခွင့်အရေးကို လေးစားပေးရမှာဖြစ်ပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ကို အသုံးချပြီး အစိုးရရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးစတဲ့ မဏ္ဍိုင်အသီးသီးရဲ့ လုပ် ကိုင်ဆောင်ရွက်မှုတွေအပေါ် ဝေဖန်ထောက်ပြတာတွေကို လက်ခံပေးရမှာဖြစ်ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ကျင့်သုံးတဲ့နေရာမှာ ရာဇဝတ်မှုတွေကို ကြောက်စရာမလိုဘဲ လွတ်လပ်စွာ ပြောဆိုခွင့်ရှိစေရ မှာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မတရားတဲ့ ဥပဒေကို ပြင်ဆင်ပြဌာန်းတဲ့ဖို့ လွှတ်တော် တွင်း အများစုနေရာရထားသလို တချိန်တည်းမှာပဲ အဲ့ဒီဥပဒေကို ပြင်ဆင်ဖို့ ပြည်သူလူထုရဲ့ ထောက်ခံမှုရထား ပြီးသားဖြစ်ပါတယ်။ အခုလွှတ်တော်တွင်းမှာရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း အဲဒီမတရားတဲ့ ဥပဒေတွေရဲ့ ဒဏ်ကို ခံခဲ့ရတာဖြစ်တဲ့အတွက် အဲ့ဒီဥပဒေတွေကို ပြင်ဆင်ပြောင်းလဲခြင်းဟာ တကယ့် စစ်မှန်တဲ့ အပြောင်း အလဲတွေ ဖြစ်လာပြီဆိုတာ ပြသရာရောက်မှာလည်းဖြစ်ပါတယ်။ "

HRW က ထုတ်ပြန်လိုက်တဲ့ "သင့်ကို အချိန်မရွေးဖမ်းနိုင်သည်" ဆိုတဲ့ အစီရင်ခံစာမှာ လွတ်လပ်စွာ ပြောဆို ခွင့်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုကို ရာဇဝတ်ပုဒ်မတွေတပ်ပြီး ပြစ်ဒဏ်ပေးနိုင်တဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့် လည် ခြင်းဆိုင်ရာ ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ သတင်းမီဒီယာဥပဒေ စတဲ့ ဥပဒေတွေကို သေချာလေ့လာသုံး သပ်ထားတာ ဖြစ်ပြီး အစိုးရသစ်အနေနဲ့ ဒီဖိနှိပ်တဲ့ ဥပဒေတွေ ပယ်ဖျက်ဖို့အတွက် အကြံပြုချက်တွေ ဖော်ပြထားတာဖြစ် ပါတယ်။

NLD အစိုးရသစ်စတင်တာဝန်ပြီး မေလကုန်ပိုင်းက ငြိမ်းစုစီ ဥပဒေအသစ်ကို အမျိုးသားလွှတ်တော်က ပြင်ဆင် အတည်ပြုခဲ့ပြီး သိသာတဲ့ တိုးတက်မှုရှိပေမယ့် ဥပဒေအဟောင်းက အားနည်းချက်တွေ ပါဝင်နေဆဲဖြစ်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က ထောက်ပြပါတယ်။

ငြိမ်းစုစီ ဥပဒေကို နောက်တကြိမ် လွှတ်တော်အစည်းအဝေး ပြန်စချိန်မှာ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးမှာ ဖြစ်တာမို့ ဒီဖြစ်စဉ်ကို သေချာလေ့လာ စောင့်ကြည့်သွားမှာဖြစ်တယ်လို့ HRW ရဲ့ ဥပဒေရေးရာ အကြံပေး Linda Lakhdhir က အခုလိုပြောပါတယ်။

"မကြာသေးခင်က အမျိုးသားလွှတ်တော်မှာ အတည်ပြုထားပြီးဖြစ်တဲ့ ငြိမ်းစုစီဥပဒေ အသစ်ကို ပြည်သူ့ လွှတ် တော်မှာလည်း ဆွေးနွေးဖို့ ရှိတဲ့အတွက် နောက်တကြိမ် လွှတ်တော်အစည်းအဝေးတွေပြန်စရင် ဒီဥပဒေနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေကို HRW အနေနဲ့ သေချာအနီးကပ်စောင့်ကြည့် သွားမှာဖြစ်ပါတယ်။ ပြီးတော့ HRW ရဲ့ အကြံပြုချက်တွေကို ပေးပို့သွားမှာဖြစ်ပါတယ်။ လူတိုင်း လူတိုင်းရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်နဲ့ ငြိမ်းချမ်းစွာ ပြည့်ပြည့်ဝဝ အကာအကွယ်ပေးတဲ့ ဥပဒေတွေကို ပြဌာန်းနိုင်လိမ့်မယ်လို့လည်း မျှော်လင့် ပါ တယ်"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို စတင်တာဝန်ယူပြီး မကြာခင်ကာလမှာ နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ပေးခဲ့သလို ပုဒ်မ (၁၀) လို့လူသိများတဲ့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူ များ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက် သည့် ဥပဒေနဲ့ နိုင်ငံရေးတက်ကြွသူတွေကို ဖမ်းဆီးထောင်ချခဲ့ တဲ့ အရေးပေါ်စီမံချက် အက်ဥပဒေတွေ ကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။ ဒါပေမယ့် လက်ရှိမြန်မာပြည်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရဲတပ်ဖွဲ့ကို တပ်မတော်က ထိန်းချုပ်ထားဆဲမို့ မတရားတဲ့ ဥပဒေတွေနဲ့ ဖမ်း ဆီးမှုတွေ ဆက်ပြီးပေါ်ပေါက်နေတာဖြစ်တယ်လို့ HRW က ထောက်ပြနေတာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG