သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံယာဉ်တန်း တိုက်ခိုက်ခံခဲ့ရတဲ့ ဆီဆိုင်မှာ စစ်ရှောင်တွေ ရိက္ခာအခက်ကြုံ


ဆီဆိုင်မြို့
ဆီဆိုင်မြို့

အကူအညီအထောက်အပံ့တွေ မရတာ ၂လခန့် ကြာမြင့်လာတာကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း ရောက်ရှိနေတဲ့ စစ်ရှောင် ၈,၀၀၀ ခန့်ဟာ ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။ အထူးသဖြင့် ဒီလ အစောပိုင်းက သံတမန်တွေ လိုက်ပါလာတဲ့ အာဆီယံ ထောက်ပံရေးယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် အလှုရှင်အဖွဲ့အစည်းတွေ လုံး၀ လာရောက်တာ မရှိတော့ဘူးလို့ စစ်ရှောင်စခန်းက တာဝန်ရှိသူက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဆီဆိုင်မြို့နယ်အတွင်း ရောက်ရှိနေတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်အစပ် ဒေသနဲ့ ကယားပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာကြသူတွေ ဖြစ်ပါတယ်။

စစ်ရှောင်တွေကို အရင်က လူမှုအသင်းအဖွဲ့တွေနဲ့ နိုင်ငံတကာအစိုးရမဟုတ်တဲ့ INGO အဖွဲ့အစည်းတွေက ကူညီထောက်ပံ့တာတွေ ရှိပေမဲ့ ဒီလပိုင်းတွေမှာတော့ အထောက်အပံ့တွေ ရပ်ဆိုင်းနေတာပါ။

လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲကို ဒီမောဆို မြို့နယ်ကလာတဲ့ စစ်ရှောင်တစ်ဦးက VOA ကို အခုလို ပြောပါတယ်။

“ပြီးခဲ့တဲ့ ၃- ၄လက အလှုရှင်က ရှိတယ်ပေါ့နော။ ဒါပေမဲ့ အခု ဒီ တစ်လ၊ နှစ်လကတော့ အလှုရှင်က မရှိတော့ဘူးလေ။ မရှိတော့ စားနပ်ရိက္ခာတွေလည်း မလုံမလောက်ပေါ့။ အရင်ကဆို နည်းနည်းတော့ ရှိသေးတယ်။ အခုက ပိုဆိုးသွားပြီ။ တစ်လထက် တစ်လ အဆင်မပြေလာတော့ဘူးပေါ့၊ စားနပ်ရိက္ခာအတွက်။ အလှုရှင်က မရှိတော့ ရရာအလုပ်ပဲ လုပ်ပြီးတော့ ဝယ်စားနေရတာပေါ့။ အဲဒါလည်း တစ်ပတ်ကိုမှ ၃- ၄ရက် အဲလောက်ပဲရှိတယ်။ တစ်ပတ်ပြည့်အောင် မရှိတဲ့အခါလည်း ကြုံတယ်။ တခါတလေဆို မရှိဘူး အဲလိုမျိုးလေ။”

ဆီဆိုင်ဒေသမှာ ပြောင်းဖူးစိုက်ပျိုးတာရှိပေမဲ့ စက်ယန္တရားကို အသုံးပြုတာများတာကြောင့် အလုပ်အကိုင် မလွယ်ကူကြောင်းလည်း ပြောပါတယ်။

ဆီဆိုင်မြို့နယ်၊ ကယန်းလေးကျေးရွာက စစ်ရှောင်ကူညီရေးကော်မတီ ဥက္ကဌ ဦးဖရန်စစ္စကို ကတော့ စစ်ရှောင်တွေ ရိက္ခာအခက်အခဲကြုံနေတာကြောင့် သူတို့ ရှိတာကို ဝေမျှ စားသုံးနေရကြောင်း ပြောပါတယ်။

“ကျနော် စစ်ရှောင် ကော်မတီဥက္ကဌဖြစ်နေတော့ သူတို့တွေက ကျနော့ကိုလေ၊ ဥက္ကဌရေ ကျနော်တို့မှာ စားဖို့မရှိဘူး၊ အဲလို လာပြောတော့လေ ကျနော်ကလည်း ဆန်ကို တစ်ယောက်ကို တစ်ပုံးခွဲ၊ တစ်ပုံးခွဲ ၊ နှစ်ပုံး အဲလိုမျိုးပေးသွားတာ ၄-၅ယောက်လောက် ကျနော် ကြုံခဲ့ပြီးပြီပေါ့။ အခု ဒီ တစ်လအတောအတွင်းပဲ။ အဓိက ကျနော့်ရွာထဲမှာပဲ ကျနော်ပေးတာ ။ ကျနော့်ရွာထဲဆိုရင် အိမ်ခြေကတော့ ၁၆၂အိမ်၊ လူဦးရေကတော့ ၆၁၃ ယောက်ပေါ့။ တခြားရွာတွေလည်းပဲ ကျနော့်လိုမျိုးပဲလို့တော့ ပြောကြတယ်။”

စစ်ရှောင်တွေအတွက် အထောက်အပံ့မရရှိတာ ၂လလောက်ရှိပြီး အထူးသဖြင့် အာဆီယံ ထောက်ပံ့ရေးယာဉ်တန်းကို တိုက်ခိုက်ခံရပြီးနောက် ဘယ်အဖွဲ့အစည်းမှ လာရောက်တာ မရှိတော့ကြောင်းလည်း ပြောပါတယ်။

“ပြတ်တာတော့ ၂လလောက် ရှိပြီလေနော်။ ပြီးခဲ့တဲ့ အာဆီယံကနေ တွေ့ဆုံပွဲလုပ်မယ်ဆိုတဲ့ဟာက သေနတ်တွေဖောက်ကြတယ် ဘာညာဆိုတဲ့အခါကျ အာဆီယံသံအမတ်တွေက ပြန်သွားတာကော။ အဲဒီ ပြန်သွားပြီးတဲ့နောက်ပိုင်းဆိုရင် အလှုရှင်တွေက ဘယ်အဖွဲ့မှကို မလာရဲတော့တာ။”

ဒီလ ၈ရက်နေ့က အင်ဒိုနီးရှား၊ စင်္ကာပူနိုင်ငံက သံတမန်တွေနဲ့ အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ညှိနှိုင်းရေးစင်တာ AHA စင်တာ တာဝန်ရှိသူတွေဟာ ဆီဆိုင်မြို့ရှိ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဆက်ဆံရေးရုံးမှာ စစ်ဘေးရှောင်တွေနဲ့ တွေ့ဆုံဖို့နဲ့ ထောက်ပံ့ကူညီဖို့ လာရောက်စဉ် လမ်းခရီးမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့တာပါ။

ဒီအခြေအနေကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ စစ်ရှောင်တွေကို ကူညီမယ်ဆို ဒေသခံ အသင်းအဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရင် ပိုမို ထိရောက်ဖွယ်ရှိနိုင်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းက စစ်ရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။

“နိုင်ငံတကာက မြေပြင်မှာ ချိတ်ဆက်ပြီးတော့ တကယ်လုပ်နေတဲ့အဖွဲ့အစည်းနဲ့ ၊ ပရဟိတအဖွဲ့နဲ့သော်လည်းကောင်း၊ နောက်ပြီးမှ CBO ၊ CSO နဲ့ သော်လည်းကောင်း အဲလိုမျိုးချိတ်ဆက်ပြီးတော့ ကူညီစေချင်တယ်။ အဲလို ကူပေးတာ ပိုပြီးတော့ အကုန်အကျလည်း နည်းတယ်။ ထိရောက်မှုလည်း ရှိတယ်လေ။”

စစ်ရှောင်တွေဟာ စားနပ်ရိက္ခာအပြင် မိုးရာသီမှာ နေအိမ်တွေအတွက် အမိုး၊ အကာတွေ ပြင်ဆင်ဖို့၊ ဆေးဝါးနဲ့ ကလေးတွေ ပညာသင်ကြားဖို့ အထောက်အကူတွေ လိုအပ်နေကြောင်း စစ်ရှောင်တွေကို ကူညီသူတွေက ပြောပါတယ်။ ဆီဆိုင်မြို့နယ်အတွင်းမှာ စစ်ရှောင်စခန်း ဖွင့်လှစ်ထားတာမရှိဘဲ တိမ်းရှောင်လာသူတွေကို ကျေးရွာအလိုက်၊ ရပ်ကွက်အလိုက် လက်ခံထားတဲ့နေရာ ၄၁နေရာရှိပြီး စုစုပေါင်း လူဦးရေ ၈,၀၀၀ ခန့် ရှိနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG