အာရှဒေသတွင်း လူ့အခွင့်ရေးနဲ့ ပတ်သက်ပြီး ၂၀၂၄ မှာ တိုးတက်မှု တချို့တွေ့ရပေမယ့် စစ်တပ်အာဏာသိမ်းထားတာ ၄ နှစ်နီးပါးရှိပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းဆန့်ကျင်သူတွေကို ဖမ်းဆီး ထောင်ချတာ ဗုံးကြဲတာတွေ လုပ်နေဆဲပဲလို့ နယူးယောက် အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ရဲ့ ဇန်နဝါရီ ၁၆ ရက်က ထုတ်ပြန်တဲ့ ၂၀၂၅ ခုနှစ် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က အရှုံးနဲ့ ရင်ဆိုင်ရတာတွေ များလာနေတာနဲ့ အမျှ၊ အရပ်သားတွေ ရှိရာနေရာတွေကို လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်တာ၊ အတိုက်အခံတွေ ဖမ်းဆီးထောင်ချတာ၊ လူငယ်တွေ စစ်မှု မထမ်းမနေရ ဥပဒေ ထုတ်ပြန်တာ တွေ့ရတယ်လို့ ဖေါ်ပြပါတယ်။ ဒါ့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်းကို ICC တရားရုံးက ဖမ်းဝရမ်း ထုတ်ပြန်တာ တွေ့ရပေမယ့် တချို့ ICC အဖွဲ့ဝင်နိုင်ငံတွေက ဒီဖမ်းဝရမ်း ထိရောက်စေဖို့ မလုပ်နိုင်အောင် တားဆီးနေတယ် လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ၁၅ နှစ်ကြာ ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ အဖြုတ်ချခံရပြီး ၊ အိန္ဒိယနိုင်ငံမှာ ဝန်ကြီးချုပ် နရိန်ဒရာ မိုဒီ ကို မနှစ်သက်သူတွေက ပြောင်ပြောင်တင်းတင်း ဆန္ဒထုတ်ဖေါ်ခွင့်ရှိခဲ့သလို တောင်ကိုရီးယား မှာတော့ သမ္မတ Yooon Suk Yeol ထုတ်ပြန်လိုက်တဲ့ မာရှယ်လောဟာ နာရီပိုင်းသာခံခဲ့ပြီး သူလည်း တရားရင်ဆိုင်လာရတယ် လို့ ဖေါ်ပြထားပါတယ်။
တရုတ်နိုင်ငံမှာတော့ သိန်းနဲ့ချီတဲ့ ဝှီဂါ တွေ ထောင်ချတာကနေ ဟောင်ကောင်မှာ အရပ်သား လွတ်မြောက်ရေး လှုပ်ရှားမှုကို လက်မခံပဲ၊ သီးခြား လွတ်လပ်တဲ့ အရပ်ဘက် အဖွဲ့အစည်းလုံးဝ မရှိသလို လွတ်လပ်စွာ ပြောဆိုခွင့်၊ အသင်းပင်းဖွဲ့စည်းခွင့် ဘာသာရေးဆိုင်ရာ စုဝေးခွင့်တွေ မရှိတဲ့ အပြင် အစိုးရကို ဝေဖန်သူတွေ၊ လူ့အခွင့်ရေး ရှေ့နေတွေကို ဖိနှိပ်မှုတွေ တွေ့ရတယ်လို့ HRW လူ့အခွင့်ရေး စောင့်ကြည့်အဖွဲ့က ပြောပါတယ်။
စင်္ကာပူမှာ သေဒဏ် ချမှတ်မှု ဆက်လက် ကျင့်သုံး နေသလို ထိုင်းမှာတော့ ၂၀၂၃ ရွေးကောက်ပွဲ အနိုင်ရ Move Forward ပါတီကို သြဂုတ်လမှာ တရားရုံးက ဖျက်သိမ်းခဲ့တာ တွေ့ရပြီး၊ အာဖဂန်နစ်စတန် နိုင်ငံမှာတော့ တာလီဘန် အုပ်ချုပ်သူတွေက အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ ရပိုင်ခွင့်ကို မပေးပဲ ဖိနှိပ်နေတယ်လို့လည်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
Forum