သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာရှင်ဖီဆန်သူ ပြည်ပကခိုလှုံလာသူတွေအတွက် ထိုင်းနိုင်ငံ အန္တရာယ်ပိုများလာ


ထိုင်း-မြန်မာနယ်စပ်တံတား အမှတ် (၁) (ဧပြီ ၁၂၊၂၀၂၄)
ထိုင်း-မြန်မာနယ်စပ်တံတား အမှတ် (၁) (ဧပြီ ၁၂၊၂၀၂၄)

ပြည်ပကနေ ထိုင်းနိုင်ငံကိုလာရောက်နေထိုင်တဲ့ အာဏာရှင်အစိုးရကို ဖီဆန်သူတွေအတွက် ထိုင်းနိုင်ငံဟာ အန္တရာယ်ပိုများတဲ့နေရာဖြစ်လာပြီး ထိုင်းနိုင်ငံကိုယ်တိုင်ကလည်း ထိုင်းအစိုးရကို အာခံတဲ့ ပြည်ပရောက်နေသူတွေအပေါ် ဖိနှိပ်မှုတွေ ပိုများလာကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။

၂၀၁၄ တုန်းက ထိုင်းအာဏာသိမ်းမှု ဖြစ်ပြီးတဲ့နောက်ပိုင်းကတည်းက ဒီလိုအခြေအနေတွေ စတင်ခဲ့ကြောင်း ထောက်ပြထားတာပါ။

၂၀၁၉ မှာ မမျှတတဲ့ ရွေးကောက်ပွဲတခု ထိုင်းနိုင်ငံမှာ ကျင်းပခဲ့ပြီး ဗိုလ်ချုပ်ဟောင်း Prayut Chan-ocha ရာထူးပြန်ရလာပြီး စစ်တပ်‌ထောက်ခံတဲ့ အစိုးရခေါင်းဆောင်အဖြစ် နောက် ၄ နှစ် ရာထူး ဆက်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အထွေထွေ ရွေးကောက်ပွဲတွေမှာ Prayut ရဲ့ ပါတီ ရှုံးနိမ့်ခဲ့ပေမယ့် လွှတ်တော်ထဲမှာတော့ အကြီးတန်းနေရာတွေမှာ ပါတီဝင်တွေ ဆက်ရှိနေဆဲပါ။

အိမ်နီးချင်းနိုင်ငံတွေမှာ ဖိနှိပ်ခံရလို့ ထွက်ပြေးလာရတဲ့သူတွေအတွက် ထိုင်းနိုင်ငံက ခိုကိုးရာအဖြစ် နှစ်ပေါင်းများစွာ ရှိလာခဲ့ပေမယ့် ၂၀၁၄ နောက်ပိုင်း တခြားနိုင်ငံတွေနဲ့ ပူးပေါင်းပြီး ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ ဒုက္ခသည်တွေနဲ့ နိုင်ငံရေးခိုလှုံသူတွေကို စောင့်ကြည့်တာတွေ တိုးလုပ်လာတာ တွေ့ရကြောင်း HRW အဖွဲ့ရဲ့ အာရှဆိုင်ရာ ညွှန်ကြားရေးမှူး Elaine Pearson က VOA ကို ပြောပါတယ်။ ထိုင်းအစိုးရပြောခွင့်ရရော၊ Prayut အစိုးရဟောင်းရဲ့ ပြောခွင့်ရ ၂ ယောက်ကပါ ဒီကိစ္စနဲ့ ပတ်သက်ပြီး VOA ကို ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံက အတိုက်အခံအင်အားစုတွေအတွက် ခေတ်အဆက်ဆက် အဓိက တိမ်းရှောင်၊ ခိုလှုံစရာနေရာတခု ဖြစ်ပါတယ်။​ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကနေ နိုင်ငံရေးအရ ထွက်ပြေးခိုလှုံလာသူတွေ အများအပြား တိုးလာခဲ့သလို အခုနောက်ဆုံး ဖေဖော်ဝါရီလက စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးတဲ့နောက် လူငယ်တွေ အလုံးအရင်းနဲ့ တိမ်းရှောင်လာနေကြတဲ့နေရာလည်း ဖြစ်ပါတယ်။​

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG