သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို စာနာမှုအကူအညီပေးဖို့ အာဆီယံကို ကမေ ္ဘာဒီးယား ဝန်ကြီးချုပ်တိုက်တွန်း


မှတ်တမ်းရုပ်ပုံ - ကမေ ္ဘာဒီးယား ဝန်ကြီးချုပ် Hun Sen ။
မှတ်တမ်းရုပ်ပုံ - ကမေ ္ဘာဒီးယား ဝန်ကြီးချုပ် Hun Sen ။

(Zawgyi / Unicode)

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူညီပေးရေး လုပ်ငန်းတွေကို စတင်ဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ကမ္ဘောဒီးယားနိုင်ငံကို ရောက်နေတဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN အတွင်းရေးမှူးချုပ် Lim Jock Hoi ကိုတိုက်တွန်းခဲ့ကြောင်း ဖနွမ်ပင်ပိုစ့် The Phnom Penh Post သတင်းမှာ ဖေါ်ပြထားပါတယ်။

ဇန်နဝါရီ ၁၅ ရက်ကနေ ၁၉ ရက် - ကမ္ဘောဒီးယား ခရီးစဉ်သွားရောက်နေတဲ့ အတွင်းရေးမှူးချုပ်ဟာ တနင်္လာနေ့က ဖနွမ်ပင်ငြိမ်းချမ်းရေး နန်းတော်မှာ ဝန်ကြီးချုပ်ဟွန်ဆန်နဲ့ တွေ့ဆုံခဲ့ပြီး ဒေသတွင်း ခေါင်းခဲနေရတဲ့ မြန်မာ့အရေးကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားရဲ့ လုပ်ဆောင်မှုတွေ အထူးသဖြင့် အာဆီယံ ဆယ်နိုင်ငံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ကိုက်ညီတဲ့ လုပ်ဆောင်မှုတွေကို သူထောက်ခံကြောင်း ပြောခဲ့တယ်လို့ ဝန်ကြီးချုပ်ဟွန်ဆန်က သူ့ရဲ့ လူမှုကွန်ရက် Facebook မှာ ရေးပါတယ်။

အာဆီယံ အတွင်းရေးမှူးချုပ် Hoi က ၂၀၂၂ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်လာတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်နဲ့ ကိုဗစ် ၁၉ ဆိုင်ရာတုန့်ပြန်ဆောင်ရွက်ရေး၊ တောင်တရုတ်ပင်လယ်ပြင်အရေး၊ အင်ဒို- ပစိဖိတ်ဒေသဆိုင်ရာ အာဆီယံရဲ့ရပ်တည်ချက်နဲ့ အာဆီယံမှာ ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်အဖြစ် အရှေ့တီမောနိုင်ငံ ပါဝင်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုဗစ်ကပ်ရောဂါအလွန် ပြန်လည် နာလန်ထူရေး ကြိုးပမ်းချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲကျင်းပဖို့ စီစဉ်ထားတဲ့ အာဆီယံနဲ့ ကမ္ဘာ့နိုင်ငံတွေကြားဆွေးနွေးပွဲမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တွေ ထည့်သွင်းဖိတ်ကြားဖို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ရဲ့ အကြံပြုချက်အတွက် အာဆီယံအတွင်းရေးမှုးချုပ်က သဘောတူခဲ့ပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ မကြာသေးခင်က မြန်မာနိုင်ငံ ခရီးစဉ်အပေါ် အာဆီယံအဖွဲ့ဝင်တွေကြား မတူတဲ့ သဘောထားအမြင်တွေနဲ့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ မကြာသေးခင်ကပဲ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားတာပါ။ ဒါ့အပြင် အလှည့်ကျဥက္ကဌ ဖြစ်တဲ့ ကမ္ဘောဒီးယားက ဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာနိုင်ငံခြားရေးဝန်ကြီးကို အာဆီယံအစည်းဝေးတက်ရောက်ဖို့ ဖိတ်ကြားခဲ့တဲ့အပေါ်မှာလည်း တခြားအာဆီယံ အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှားနဲ့ စင်္ကာပူတို့က သဘောမတူကြောင်း ပြောကြားထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


(Unicode)






XS
SM
MD
LG