{{Zawgyi/Unicode}}
ကမ္ဘာမှာ သွေးတိုးရောဂါရှိသူ အရေအတွက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း ၂ ဆ တိုးလာပြီး ၁.၂၈ ဘီလီယံ ရှိခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အများစု တွေ့ရကြောင်းလည်း သုတေသန လေ့လာချက် အသစ်က ဖော်ပြလိုက်ပါတယ်။ လန်ဒန် Imperial ကောလိပ်နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့ ပူးတွဲပြီး သွေးတိုးရောဂါ ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေ၊ ကုသမှုနဲ့ ထိန်းချုပ်ရေးအတွက် ပထမဆုံးအကြိမ်အဖြစ် အကျယ်တဝံ့ ဆန်းစစ်လေ့လာ သုံးသပ်ထားတဲ့ အစီရင်ခံစာသစ်အကြောင်း ဗွီအိုအေ သတင်းထောက် Lisa Schlein သတင်းပေးပို့ထားတာကို ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၈၄ နိုင်ငံက အသက် ၃၀ ကနေ ၇၉ နှစ်အရွယ်တွေကို လေ့လာဆန်းစစ်ရာမှာ လူပေါင်း သန်း ၇၀၀ ကျော်ဟာ အသက်အန္တရာယ် ဖြစ်နိုင်ပေမဲ့ သွေးတိုးရောဂါအတွက် ဆေးကုသမှုခံယူမှု မရှိတာကို တွေ့ရှိခဲ့တာပါ။ အများစုကလည်း ရောဂါရှိ၊ မရှိ စစ်ဆေးတာ မရှိသလို၊ ရောဂါအခြေအနေကိုလည်း မသိကြပါဘူး။ ကျန်းမာရေးအသိ အားနည်းတာကြောင့် အသက်ဆုံးပါးတဲ့အထိ ကြုံကြရတယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ မကူးစက်နိုင်တဲ့ ရောဂါဌာနခွဲ ညွှန်ကြားရေးမှူး Bente Mikkelsen ကပြောပါတယ်။
“ပထမတချက်အနေနဲ့ နှလုံးရောဂါဟာ သေဆုံးမှုအများဆုံး ရောဂါတခုအဖြစ် သိထားကြပါတယ်။ နောက်ဆုံး ကမ္ဘာ့ကျန်းမာရေး ခန့်မှန်းချက်အရ နှစ်စဉ် နှလုံးရောဂါကြောင့် သေဆုံးသူ ၁၇.၁ သန်း ရှိပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းရင်းတွေထဲမှာ သွေးတိုးရောဂါ ပါတယ်ဆိုတာလည်း ကျနော်တို့ သိထားပါတယ်။”
သွေးတိုးရောဂါဟာ နှလုံး၊ ဦးနှောက်၊ ကျော်ကပ်ရောဂါတွေ ဖြစ်နိုင်တဲ့ အန္တရာယ်ကို သိသိသာသာ တိုးစေသလို၊ ကမ္ဘာမှာ လူသေဆုံးမှုတွေရဲ့ အခြေခံအကြောင်းရင်း တခုလည်း ဖြစ်ပါတယ်။ သွေးတိုးရောဂါ ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှုပုံစံ၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးတာ၊ အရက်နဲ့ ဆေးလိပ်သုံးစွဲတာ၊ အဝလွန်တာတွေ ပါဝင်ပြီး၊ ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ ဆူနာမီလှိုင်းလုံး အဖြစ်နဲ့တောင် တင်စား ပြောဆိုသူတွေ ရှိပါတယ်။
အစီရင်ခံစာ ပြုစုသူတွေကတော့ ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်ဖို့ တိုက်တွန်းထားသလို၊ သွေးတိုးရောဂါဟာ သွေးပေါင်ချိန်တိုင်းပြီး အလွယ်တကူ စစ်ဆေး သိရှိနိုင်သလို၊ အကုန်အကျ မများပဲ ထိထိရောက်ရောက် ကုသနိုင်ကြောင်းလည်း ပြောပါတယ်။ လေ့လာချက်အရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း သွေးတိုးရောဂါဒဏ် ခံစားရတဲ့ ပြဿနာဟာ ချမ်းသာတဲ့ နိုင်ငံတွေကနေ အလယ်အလတ်နဲ့ ဝင်ငွေနည်းတဲ့ နိုင်ငံတွေဆီမှာ ပိုများလာတာကိုလည်း တွေ့ရှိခဲ့တာပါ။ ချမ်းသာတဲ့ နိုင်ငံတွေမှာ သွေးတိုးရောဂါ ဖြစ်ပွားမှုတွေ ကျဆင်းလာပေမဲ့ ဆင်းရဲတဲ့ နိုင်ငံတွေမှာ ဖြစ်ပွားမှုတွေ တိုးလာနေတယ်လို့လည်း အစီရင်ခံစာကို ပူးတွဲပြုစုခဲ့တဲ့ လန်ဒန် Imperial တက္ကသိုလ်က ကမ္ဘာ့ ပတ်ဝန်းကျင် ကျန်းမာရေးဆိုင်ရာ ပါမောက္ခ Majid Ezzati ကပြောပါတယ်။
“အာဖရိကတောင်ပိုင်း ဆဟာရဒေသ နေရာတော်တော်များများနဲ့ တောင်အာရှဒေသ တစိတ်တပိုင်းအပြင်၊ ပစိတ်ဖိတ်ကျွန်းနိုင်ငံ တချို့မှာ အခုအထိ လိုအပ်တဲ့ ကုသမှုတွေ ခံယူကြတာမျိုး မရှိသေးပါဘူး။ ဒါကြောင့်လည်း ဒီဒေသတွေမှာ ကုသမှုပေးနိုငဖို့ အာရုံစိုက်နေပါတယ်။ လွန်ခဲ့တဲ့ ၁ နှစ်ခွဲလောက်အတွင်း နေ့စဉ်လိုလို ကြားနေရတာကတော့ ရောဂါလက္ခဏာရှာဖွေတာ၊ ကုသတာတွေအတွက် မတတ်နိုင်ကြတဲ့ ကိစ္စပါ။ ဒါကိုလည်း ကမ္ဘာ့ကျန်းမာရေး အသိုင်းအဝန်းက သတိထားဖို့ လိုပါတယ်။”
၁၉၉၀ ကနေ ၂၀၁၉ ခုနှစ်အတွင်း အချက်အလက်တွေအရ ကမ္ဘာပေါ်မှာ သွေးတိုးရောဂါ အများဆုံး ၁၀ နိုင်ငံ စာရင်းမှာ မြန်မာနိုင်ငံကိုလည်း ထည့်သွင်းထားပြီး၊ အမျိုးသမီးတွေမှာ အဖြစ်များတာကိုလည်း သုတေသီတွေ တွေ့ရှိထားတာပါ။ ရောဂါဖြစ်ပွားမှုများတဲ့ ဒေသတွေမှာ ကုသမှုနှုန်းဟာလည်း အမျိုးသမီးတွေမှာ ၂၅ ရာခိုင်နှုန်းအောက်နဲ့ အမျိုးသားတွေမှာ ၂၀ ရာခိုင်နှုန်းအောက် ရှိနေကြောင်း တွေ့ရှိထားပါတယ်။ တချိန်တည်းမှာပဲ ကနေဒါ၊ အိုက်စ်လန်နဲ့ တောင်ကိုရီး တို့လို ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာတော့ သွေးတိုးရောဂါကို ထိထိရောက်ရောက် ကုသနိုင်သလို၊ ဆိုးဆိုးရွားရွား အဆင့်အထိ ရောက်မလာအောင် ကာကွယ်နိုင်ကြောင်းလည်း လေ့လာချက်မှာ တွေ့ရှိထားပါတယ်။
........................................
{{Unicode}}