သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICJ မှာ စစ်ကောင်စီက ခုခံချေပခွင့်ရနေတဲ့အပေါ် နိုင်ငံတကာဥပဒေပညာရှင်အမြင် 


နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker 
နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker 

[[Zawgyi/Unicode]]

ICJ တရားရုံးမှာ ဂမ်ဘီယာကစွဲတင်ထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့အမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကိုယ်စားပြုပြီး စစ်ကောင်စီ ထွက်ဆိုခြင်းအားဖြင့် သူ့ကို တရားဝင်အစိုးရအဖြစ် သတ်မှတ်လိုက်တယ်လို့ မြင်လို့မရကြောင်း နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker ကသုံးသပ်ပါတယ်။

ICJ နိုင်ငံတကာတရားရုံးက ဖေဖေါ်ဝါရီလ ၂၁-၂၈ ရက်နေ့ထိကြားနာပွဲမှာ စစ်ကောင်စီကို ဘာကြောင့် ထွက်ဆိုခွင့်ပေးခဲ့သလဲ။ လက်ရှိ ICJ မှာထွက်ဆိုခွင့်ရဖို့ ကြိုးပမ်းနေတဲ့ အတိုက်အခံ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အခန်းကဏ္ဍ ဘယ်လိုဆက်ရှိမလဲ။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က ဆက်လက်တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကိစ္စမှာ အာဏာသိမ်းခဲ့တဲ့အတွက် အခြေအနေတွေ အပြောင်းအလဲဖြစ် သွားတော့ ICJ နိုင်ငံတကာတရားရုံးအနေနဲ့ စိန်ခေါ်မှုတွေရှိနေတယ်လို့ သုံးသပ်ချက်တွေ ရှိပါတယ်။ အဲဒီထဲမှာ မြန်မာပြည်သူအများစု စိုးရိမ်နေတာက အခုလို ICJ နိုင်ငံတကာတရားရုံးမှာ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို လျှောက်လဲချပခွင့်ပြုခဲ့တာဟာ စစ်ကောင်စီကို တရားဝင်အဖြစ် အသိအမှတ်ပြုရာရောက်မလားဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ မြန်မာ့အရေးကျွမ်းကျင်သူ နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker ရဲ့အမြင်ကတော့-

“ဒီအချက်ကို လွန်ခဲ့တဲ့နှစ် အာဏာသိမ်းလိုက်ကတည်းက လူအတော်များများ စိုးရိမ်ပူပန်ခဲ့ကြတာဖြစ်ပါတယ်။ အာဏာသိမ်းခင်မတိုင်ခင်လေးမှာ ကန့်ကွက်ချက်တွေကို မြန်မာဘက်က တရားရုံးကို တင်သွင်းခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လများစွာအတွင်းကဆိုရင် တကယ်လို့ ICJ က အမှုကို ဆက်ပြီး ကိုင်တွယ်မယ်ဆိုရင် မြန်မာနိုင်ငံကို ကိုယ်စားပြုမယ့် ကိုယ်စားလှယ်အတွက် စစ်ကောင်စီကိုပဲ ခွင့်ပြုမလားဆိုတာ မသေမရေရာမှုတွေရှိခဲ့တာပါ။ တချို့သူတွေကလည်း နိုင်ငံတကာစာမျက်နှာမှာ မြန်မာနိုင်ငံကို ဘယ်သူ တရားဝင်ကိုယ်စားပြုသလဲဆိုတဲ့ နိုင်ငံရေးအရ ဆုံးဖြတ် ချက်မျိုး တစုံတရာမရှိမချင်း ICJ တရားရုံးအနေနဲ့အမှုကို ဆိုင်းငံ့ထားဖို့ ဆွေးနွေးခဲ့ကြပါတယ်။ တချို့သူတွေကလည်း NUG အမျိုးသားညီညွတ်ရေးအစိုးရပဲ တရားရုံးမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုသင့်တယ်လို့ ဆွေးနွေးခဲ့ကြတာပါ။ NUG ကိုယ်တိုင် လည်း ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကပဲ ကြေညာချက်ထုတ်ပြီး မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် ကို အခိုင်အမာပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ဒီအခြေအနေနဲ့ ပတ်သက်ရင် ထင်ထင်ရှားရှားဖြစ်နေတာကတော့ တရားရုံးက အမှုကို စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့နဲ့ ဆက်ပြီးသွားဖို့ ဆုံးဖြတ်ချက်ချပြီးသားလို့ ကျနော်ထင်ပါတယ်။

ဒါပေမယ့်လည်း ICJ တရားရုံး ကြားနာပွဲပထမဆုံးနေ့က အဖွင့်စကားပြောကြားခဲ့တဲ့ တရားရုံးဥက္ကဋ္ဌ တရားသူကြီး Joan Donoghue ဂျွန်ဒါနီရဲ့ မိန့်ခွန်းမှာ ဒီအငြင်းပွားဖွယ်ရာကိစ္စကို ဖြေရှင်းလိမ့်မယ်လို့ တချို့က မျှော်လင့်ခဲ့ကြပါတယ်။ အများမျှော်လင့်ထားသလို ရှင်းရှင်းလင်းလင်းပြောသွားတာ မျိုးမရှိခဲ့ပေမယ့် သူမိန့်ခွန်းအစပိုင်းမှာပဲ ပြောသွားတဲ့အချက်က- နိုင်ငံတကာတရားရုံးရှေ့မှောက် အငြင်းအခုံဖြစ်တဲ့ အမှုတွေဟာ နိုင်ငံအချင်းချင်းသာဖြစ်ပြီး အထူးသဖြင့် အစိုးရအချင်းချင်းမဟုတ်ဘူးလို့ သူက ထောက်ပြခဲ့ပါတယ်။ ဒါဟာ တရားရုံးမှာ မြန်မာနိုင်ငံအတွက် ဘယ်သူ ကိုယ်စားပြုသင့်သလဲဆိုတဲ့ကိစ္စကို စိတ်ဝင်စားပြီး အရမ်းစိုးရိမ်နေကြတဲ့ သက်ဆိုင်သူအသီးသီးကို အချက်ပြလိုက်တာပဲလို့ Michael Becker ကမြင်ပါတယ်။

“သူပြောတာကို ကျနော်နားလည်သလောက်ဆိုရင် အခုတရားရုံးမှာ စစ်ကောင်စီက ကိုယ်စားပြုထွက်ဆိုနေတယ်ဆိုတဲ့အခြေအနေဟာ ဒီထက်ကျော်လွန်ပြီး ကျယ်ပြန့်တဲ့ အကျိုးသက်ရောက်မှုရှိမနေပါဘူး။ ဒီအမှုကို တရားရုံးက ရှေ့ဆက်ဆောင်ရွက်ဖို့ လုပ်နေတာသာဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။ ဒါပေမယ့်လည်း တချို့လူတွေစိုးရိမ်နေကြသလို စစ်ကောင်စီကိုတရားဝင်အဖြစ် တနည်းနည်းနဲ့ နိုင် ငံတကာအစိတ်အပိုင်းတခုခု ဒါမှမဟုတ် ကုလသမဂ္ဂရဲ့ အခြားအစိတ်အပိုင်းတွေက အသိအမှတ်ပြုရာရောက်သွားမလားဆိုတဲ့အချက်ကလည်း မှန်ပါတယ်။ ဒီနေ ရာမှာကျနော့်အမြင့်ကတော့ သက်ရောက်ဖို့ အကြောင်းမရှိပါဘူး။ ICJ မှာ စစ်ကောင်စီက ကိုယ်စားပြုထွက်ဆိုခြင်းအားဖြင့် သူဟာ နိုင်ငံတကာမှာ အလိုအလျောက်တရားဝင်ဖြစ်သွားတယ်လို့ မမြင်ပါဘူး။ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဆိုရင်လည်း မြန်မာနိုင်ငံရဲ့ တရားဝင်ကိုယ်စားလှယ်နေရာအတွက် ဘာဆုံးဖြတ်ချက်မှ မချရသေးပါဘူး။ ရပ်တန့်နေဆဲပါ။ Credential Committee ရဲ့မနှစ်က အစည်းအဝေးမှာဆိုရင်လည်း ဆုံးဖြတ်ချက်ချဖို့ ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်နေရာအတွက် စစ်ကောင်စီရဲ့ ကြိုးပမ်းချက်ကို ယာယီပယ်ချခဲ့သလို လက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ ဆက်လက်ထားရှိခဲ့တာပါ။ ဒါကြောင့် အခု ICJ တရားရုံးမှာ စစ်ကောင်စီက မြန်မာနိုင်ငံကို ကိုယ်စားပြုတယ်ဆိုတဲ့နေရာမှာ အခြားနိုင်ငံတကာအဖွဲ့အစည်းတွေ၊ ဒါမှမဟုတ် ကုလသမဂ္ဂ လက်အောက်ခံ အခြားအဖွဲ့အစည်းတွေ၊ အခြားနိုင်ငံတွေအပေါ်မှာ သက်ရောက်မှုမရှိဘူးလို့ ကျနော်မြင်ပါတယ်။”

အင်ကြင်းနိုင်။ ။ ဒါဆိုရင် အခု ICJ က ကိုင်တွယ်နေတဲ့ ဂမ်ဘီယာနဲ့ မြန်မာအမှု အလားအလာ ဘယ်လိုရှိမလဲ။ NUG ကတော့ သူတို့သာကိုယ်စားပြုမယ်ဆိုရင် အခုလို မြန်မာဘက်က ကန့်ကွက်ထားတာတွေကို ရုပ်သိမ်းမှာဖြစ်ပြီး တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ ပြောထားပါတယ်။ ICJ ကိစ္စမှာ NUG အခန်းကဏ္ဍ ဘယ်လိုမြင်လဲ။

Michael Becker ။ ။ NUG ပြောထားတဲ့ တကယ်လို့ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် ရရင် ဒီကန့်ကွက်မှုတွေကို ရုပ်သိမ်းပြီး တရားရုံးအနေနဲ့ အမှုကို ဆက်ပြီးဆောင် ရွက်ခွင့်ပြုမှာဖြစ်တယ်ဆို တဲ့အချက်က တကယ်တမ်းမှာတော့ အဓိပ္ပါယ်မရှိဘူးလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် တရားရုံးက စစ်ကောင်စီကို ကိုယ်စားပြုထွက် ဆိုခွင့်ပြုထားပြီးဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ ကန့်ကွက်ချက်တွေကို တရားရုံးကကြားနာပါလိမ့်မယ်။ ဒီကိစ္စမှာ ပြဿနာမရှိဘူးလို့ ကျနော်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားရုံးအနေနဲ့ ဒီအမှုကို တရားစီရင်ပိုင်ခွင့်ရှိမရှိဆိုတာ မှန်မှန်ကန်ကန်ဆုံးဖြတ်ရမှာပါ။ ဒါကြောင့် NUG အမျိုးသားညီညွတ်ရေးအစိုးရက ဒီကန့်ကွက်မှုတွေကို ရုတ်သိမ်းမယ်ဆိုရင်တောင် ICJ တရားရုံးအနေနဲ့ ဥပဒေလုပ် ထုံးလုပ်နည်းနဲ့ ညီမညီ သေချာအောင်ဆောင်ရွက်ပြီးမှ လုပ်ဆောင်မယ်လို့ ကျနော်မြင်ပါတယ်။ တကယ်လို့များ နောက်ဆုံးမှာ တရားရုံးက စစ်ကောင်စီရဲ့ ကန့်ကွက်ချက်တွေကို ပယ်ချခဲ့မယ်ဆိုရင် ဂမ်ဘီယာကတင်ထားတဲ့ ဂျီနိုဆိုက် သဘောတူစာချုပ်ကို မြန်မာက ချိုးဖောက်ခြင်းရှိမရှိဆိုတဲ့ အမှုစွဲဆိုချက်ကို ဆက်လက်ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ စစ်ဆေးသွားမှာဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ ဒါပေမယ့် တဘက်မှာလည်း NUG က ဥပဒေအကျိုးဆောင်အဖွဲ့ ဖွဲ့စည်းပြီးတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ICJ တရားရုံးမှာ ထွက်ဆိုခွင့်ရရေး ကြိုးပမ်းနေဆဲဖြစ်ပါတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်လဲရှင့်။

Michael Becker ။ ။ ICJ တရားရုံး ကိစ္စနဲ့ ပတ်သက်ရင် အကောင်းဆုံးနည်းလမ်းကတော့ NUG အနေနဲ့ ဂမ်ဘီယာနိုင်ငံနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ တရားရုံးမှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုဖို့ ကြိုးပမ်းနေမယ့်အစား ဂမ်ဘီယာရဲ့ စွဲဆိုချက်တွေနဲ့ ပတ်သက်လု့ိ သူတို့ ဥပဒေအကျိုးဆောင်အဖွဲ့ကို အချက်အလက်တွေ ကူညီပံ့ပိုးသင့်ပါတယ်။ ဥပမာ- ငါတို့မှာ သက်ဆိုင်တဲ့ အချက်အလက်တွေ၊ သက်သေအထားတွေရှိနေတယ်။ ငါတို့ထွက်ဆိုချက်တွေကို ICJ တရားရုံးရှေ့မှောက် မှတ်တမ်းတင်အောင် ငါတို့ကို သက်သေအဖြစ် တရားရုံးကို ခေါ်ပါ။ ဒီလိုလုပ်တဲ့အခါမှာလည်း အခက်အခဲတွေအများကြီးရှိနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ လည်း သတ္တိအများကြီးရှိဖို့လိုပါတယ်။ တချို့ကိစ္စတွေမှာ လူတွေအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ တကယ့်ကို လေးလေးနက်နက် သတိထားဆောင်ရွက်ဖို့လိုပါတယ်။ ဒါကြောင့် ICJ ကိစ္စမှာ NUG ပဲဖြစ်ဖြစ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီးပဲဖြစ်ဖြစ် လုပ်နိုင်တဲ့ အခင်းအကျင်းက ဂမ်ဘီယာနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းပဲလို့ ကျနော်မြင်ပါတယ်။

Michael Becker ဟာ ICJ နိုင်ငံတကာတရားရုံးမှာ ၂၀၁၀- ၂၀၁၄ခုနှစ်ထိ လက်ထောက် ဥပဒေအရာရှိအဖြစ် လေးနှစ်ကြာလုပ်ခဲ့သူဖြစ်ပြီး မြန်မာကို အခြားနိုင်ငံတနိုင်ငံက လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်နဲ့ပတ်သက်ပြီး ICJ တရားရုံးမှာ အမှုဖွင့်တရားစွဲနိုင်တဲ့ အလားအလာဆိုတဲ့ ခေါင်းစဉ်နဲ့ စာတမ်းကို ၂၀၁၈ ခုနှစ်က ရေးသားပြုစုခဲ့သူလည်းဖြစ်ပါတယ်။ အခုလက်ရှိ အိုင်ယာလန်နိုင်ငံ Dublin က Trinity ကောလိပ် ဥပဒေဘာသာရပ်ဌာန လက်ထောက်ပါမောက္ခဖြစ်ပါတယ်။

============

[[Zawgyi/Unicode]]













XS
SM
MD
LG