သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICOE ထုတ်ပြန်ချက် HRW ဝေဖန်တုံ့ပြန်


(Zawgyi / Unicode)

ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ အစိုးရကဖွဲ့တဲ့ ICOE လွတ်လပ်တဲ့စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာဟာ နိုင်ငံတကာမှာ အပြကောင်းအောင်နဲ့၊ လာမယ့် ICJ တရားခွင်အတွက် ပြင်ဆင်မှုသာဖြစ်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ဝေဖန်တုံ့ပြန်ပါတယ်။ ကော်မရှင်အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ရပ်ကြီးကို ဖော့ပြောဖို့ ကြိုးစားထားသလို၊ ကော်မရှင်စုံစမ်းမှုဟာ ပွင့်လင်းမြင်သာမှုမရှိဘူးလို့လည်း ထောက်ပြပါတယ်။ HRW ရဲ့ တုံ့ပြန်ချက်ကို ကိုသားညွန့်ဦး ပြောပြမှာပါ။

ICJ နိုင်ငံတကာတရားရုံးကနေ မြန်မာ-ဂမ်ဘီယာအမှုမှာ ကြားဖြတ်အရေးပေါ်စီမံမှု ထားသင့်မသင့် ဆုံးဖြတ်ချက်ချဖို့ သုံးရက်အလိုမှာ အခုလို ဒီကော်မရှင်ထုတ်ပြန်ချက်ထွက်လာတာ အတော်လေး ကသိကအောင့် နိုင်စရာပဲလို့ HRW လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ အာရှရေးရာ ဒုတိယညွန်ကြားရေးမှုး Phil Robertson က ဗွီအိုအေကို ပြောပါတယ်။

“ရခိုင်ပြည်နယ်အတွင်း လူမျိုးတုံးသတ်ဖြတ်တွေ ရပ်တန့်စေဖို့အတွက် ICJ ကနေ ကြားဖြတ်အရေးပေါ်စီမံမှု ဆုံးဖြတ်ချက် ထုတ်တဲ့အခါမှာ အစိုးရအနေနဲ့ ဒါကို ကိုင်ပြီး ပြောဆိုစရာရအောင် လုပ်လိုက်တဲ့ နိုင်ငံရေးအရ ရည်ရွယ်ဆောင်ရွက်ချက်ဖြစ်တယ်ဆိုတာ ရှင်းပါတယ်။”

ကော်မရှင်အနေနဲ့ အစီရင်ခံစာကို သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ်တို့ကို ဒီကနေ့ ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ပေမယ့်၊ အစီရင်ခံစာအပြည့်အစုံကိုတော့ အများပြည်သူကို ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။ အဲဒီ အစီရင်ခံစာရဲ့ အနှစ်ချုပ်ကိုပဲ သတင်းထုတ်ပြန်ချက်သဘောရေးထားပါတယ်။ ဒီ ထုတ်ပြန်ချက်ထဲမှာတော့ ကော်မရှင်ရဲ့ တွေ့ရှိချက်တွေထဲမှာ နိုင်ငံတကာက ပြောနေသလို ရိုဟင်ဂျာတွေကို မျိုးဖြုတ်သတ်ဖြတ်ဖို့ ရည်မှန်းလုပ်ဆောင်တာမျိုး မတွေ့ရပဲ၊ စစ်ရာဇဝတ်မှုနဲ့ အခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေကို ချိုးဖောက်ထားတယ်ဆိုတာပဲ တွေ့ရတယ်လို့ ရေးထားပါတယ်။

ဒါဟာ နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးလုပ်ခဲ့တဲ့ တပ်မတော်အစား အဲဒီက စစ်သည်တဦးချင်းကို အပြစ်ဖို့ဖို့ လုပ်လိုတဲ့ သဘောဆောင်တယ်လို့ Phil Robertson က ပြောပါတယ်။

“ ICOE အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအချို့တော့ဖြစ်ခဲ့တယ်ဆိုတာလောက်ပဲ ထောက်ပြ ပြောချင်တဲ့ သဘောရှိပါတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ အရပ်သားတွေကိုပါ ထိခိုက်စေတဲ့ထိခိုက်စေတဲ့ နယ်မြေရှင်းလင်းစစ်ဆင်ရေးကို အသေအချာစီမံလုပ်ဆောင်ခဲ့သလားဆိုတာကို စုံစမ်းစစ်ဆေးတာမျိုး လုပ်ထားတာ မတွေ့ရပါဘူး။ နှစ်လအတွင်းမှာပဲ ဒီ စစ်ဆင်ရေးကြောင့် လူ ခုနှစ်သိန်းကျော် တိုင်းပြည်ကနေ ထွက်ပြေးသွားရတာပါ။ ဒါက အသေအချာ စီမံလုပ်ဆောင်တယ်ဆိုတာ ရှင်းနေတာပဲ။ ကျနော်ထင်တယ် ICOE အနေနဲ့ အချက်အလက်တွေကိုအခြေခံပြီး ဖြစ်ပျက်ခဲ့တာတွေကို ဖော်ထုတ်ဖို့အစား၊ ဘာတွေဖြစ်လဲ သူတို့ ထင်တာလောက်နဲ့ ဖြစ်ရပ်ကြီးကို ဖော့ပြောဖို့ ကြိုးစားတာပါပဲ။”

ဒါကြောင့်လည်း ဒီ အစီရင်ခံစာအပြည့်အစုံကို အင်္ဂလိပ်လိုရော မြန်မာလိုပါ ထုတ်ပြန်ပေးဖို့လိုတယ်လို့ သူက တောင်းဆိုပါတယ်။ တဘက်မှာတော့ အခု အစီရင်ခံစာမှာတွေ့ထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ဘယ်လို ဆက်အရေးယူမလဲဆိုတာလည်း မရှင်းဘူးလို့ ပြောပါတယ်။ ဖြစ်ပြီးခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြည်တွင်းဥပဒေနဲ့ တပ်မတော်တရားရေးလမ်းကြောင်းတွေအရ ကိုင်တွယ်မယ်လို့ ICJ မှာတုန်းက မြန်မာဘက်က ပြောခဲ့ဖူးတာရှိပေမယ့်၊ တကယ်တမ်း မြန်မာပြည်တွင်းတရားရေးစနစ် ဘယ်လောက်အထိ ယုံကြည်ရမလဲ သူက မေးခွန်းပြန်ထုတ်ပါတယ်။ ရခိုင်မြောက်ပိုင်းအင်းဒင်အမှုကိုကြည့်ရင်ပဲ ရိုဟင်ဂျာ ၁၀ ဦးကို သတ်ခဲ့တဲ့ စစ်သားတွေဟာ၊ ဒီသတင်းဖော်ထုတ်တဲ့ သတင်းထောက်နှစ်ဦးလောက်တောင် ထောင်ထဲ မနေခဲ့ရဘူးလို့ ထောက်ပြပါတယ်။

ရိုဟင်ဂျာအသုံးအနှုံးကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒီ ကော်မရှင်ဟာ အစိုးရက ဖွဲ့တယ်ဆိုပေမယ့် သီးခြားလွတ်လပ်တဲ့ ကော်မရှင်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဒီကော်မရှင်ရဲ့ သီးခြားလွတ်လပ်မှုဆိုတာကို သံသယဖြစ်တယ်လို့ Phil Robertson က ပြောပါတယ်။

“ ဒီကော်မရှင်က တကယ်ပဲ လွတ်လပ်တဲ့ကော်မရှင်ဟုတ်ရဲ့လားဆိုတာ ပြဿနာရှိပါတယ်။ ကော်မရှင်မှာပါတဲ့ မြန်မာလူမျိုး ကော်မရှင်အဖွဲ့ဝင်တွေဆိုတာ အစိုးရနဲ့ အတော်လေးနီးစပ်သူဖြစ်သလို၊ အစိုးရရဲ့ ရခိုင်အရေးဆောင်ရွက်နေတဲ့ UEHRD နဲ့လည်း ပတ်သက်မှုရှိပါတယ်။ နိုင်ငံတကာက ကော်မရှင်အဖွဲ့ဝင်ဆိုတဲ့ အထူးသဖြင့် ဥက္ကဌ Rosario Manalo ဆိုရင်လည်း အစပိုင်းမှာကလည်းက အရေးယူမှုဖြစ်လာအောင် သူတို့လုပ်မှာမဟုတ်ဘူးလို့ ပြောထားသူပါ။ ဒါကြောင့် ကော်မရှင်က အတော်လေး အားနည်းပါတယ်။ နောက်ပြီး ပွင့်လင်းမြင်သာမှုမရှိပါဘူး။ အစီရင်ခံစာကို ဘယ်လို ပြုစု ရေးသားသလဲ ဘယ်လို အချက်အလက် စုဆောင်းသလဲ ထုတ်ပြန်တာမလုပ်ပါဘူး။”

ရခိုင်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်က ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်မှန်းလုပ်ဆောင်တယ်ဆိုပြီး နိုင်ငံတကာမှာ စွပ်စွဲခံနေရတာပါ။ ဒါ့အပြင် မြန်မာနိုင်ငံတွင်းမှာ ကျန်နေသေးတဲ့ ရိုဟင်ဂျာတွေအပေါ်မှာလည်း နောက်ထပ် လူမျိုးတုန်းသတ်ဖြတ်မှုလုပ်ခံရမယ့် စိုးရိမ်စရာ အခြေအနေရှိတယ်ဆိုပြီး နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်နေကြပါတယ်။ မြန်မာအစိုးရဘက်ကတော့ ဒီ စွပ်စွဲချက်ကို ငြင်းပယ်သလို ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကိုလည်း လက်မခံပါဘူး။ ဒါပေမယ့် ဒီအဖြစ်အပျက်တွေအပေါ် သီးခြားလွတ်လပ်တဲ့စုံစမ်းမှုတွေလုပ်ပြီး အရေးယူသွားမယ်လို့တော့ နိုင်ငံတကာကို ကတိပေးထားပါတယ်။

ICOE ထုတ်ပြန်ချက် HRW ဝေဖန်တုံ့ပြန်
please wait

No media source currently available

0:00 0:04:28 0:00
တိုက်ရိုက် လင့်ခ်


.................


(Unicode)











XS
SM
MD
LG