သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဒဏ်သင့် တိုင်းရင်းသားဒေသတွေ အခြေအနေ လူ့အခွင့်အရေး လှုပ်ရှားသူတွေ သတင်းထုတ်ပြန်


မိုင်းကြောင့် ခြေတဖက်ဆုံးရှုံးခဲ့ရသူ အမျိုးသမီးတဦးကို ဖယ်ခုံမြို့အနီး စစ်ဘေးရှောင်စခန်းမှာ တွေ့ရစဉ် (ဇူလိုင် ၂၉၊ ၂၀၂၃)
မိုင်းကြောင့် ခြေတဖက်ဆုံးရှုံးခဲ့ရသူ အမျိုးသမီးတဦးကို ဖယ်ခုံမြို့အနီး စစ်ဘေးရှောင်စခန်းမှာ တွေ့ရစဉ် (ဇူလိုင် ၂၉၊ ၂၀၂၃)

ဇွန်လ ပထမပတ်အတွင်း မွန်ပြည်နယ် ဘီလင်းနဲ့ သထုံမြို့နယ်တွေထဲက ကျေးရွာတွေကို စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် အိုးအိမ် ၁၂ လုံး ပျက်ဆီးခဲ့တဲ့အကြောင်း မွန် လူ့အခွင့်အရေး အဖွဲ့က မနေ့ ဇွန်လ ၉ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

မနေ့က တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားတဲ့အချိန် ရေတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်တလုံး ပျက်ဆီးပြီး ဆယ်ကျော်သက်အရွယ် လူငယ် ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲအကြောင်း သတင်း ထုတ်ပြန်ထားပါတယ်။

ဒီအတောအတွင်း ၂၀၂၁ ခုနှစ်နောက်ပိုင်း ချင်းပြည်နယ်အတွင်းမှာ မြေမြုပ်မိုင်းကြောင့် သေဆုံး၊ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး ၁၀၂ ယောက် ရှိတဲ့အကြောင်း ချင်း လူ့အခွင့်အရေးအဖွဲ့ကလည်း ဇွန်လ ၈ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလနဲ့ ၂၀၂၄ ခုနှစ် မေလအတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၃၃ ယောက်ရှိပြီး ထိခိုက်ဒဏ်ရသူ ၆၆ ဦးရှိတဲ့အကြောင်းနဲ့ ထိခိုက် ဒဏ်ရာရသူတွေရဲ့ ၄၀ ရခိုင်နှုန်းဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်တဲ့အကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတဝန်းမှာ မြေမြှုပ်မိုင်းကြောင့် အရပ်သား ၁,၀၀၀ ထက်မနည်း အသက်သေဆုံးခဲ့သလို၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့အကြောင်း ထိခိုက်ဆုံးရှုံးတဲ့အရေအတွက် အလျင်အမြန် တိုးလာနေတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသံရုံးက မကြာသေးခင်ကပဲ တခြားနိုင်ငံတွေနဲ့အတူ ပူးတွဲ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

နေအိမ်တွေ၊ ကျောင်းတွေ၊ ဝတ်ပြုရာနေရာတွေနှင့် ဆေးရုံတွေကို လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာ၊ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပေါ် လိင်နှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုတွေ ကျူးလွန်တာတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တဲ့ ခိုင်လုံသောအစီရင်ခံစာတွေ ဆက်လက်ထွက်ပေါ်နေတာကို အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက လတ်တလော တုံ့ပြန်တာတော့ မတွေ့ရသေးပါဘူး။

Forum

XS
SM
MD
LG