သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာသတင်းသမားများ ညီလာခံ မြန်မာကိုယ်စားလှယ် တက်ရောက်


နိုင်ငံတကာသတင်းသမားများ ညီလာခံ (IFJ) (ဓါတ်ပုံ- ဒေါ်အိအိတင်)
နိုင်ငံတကာသတင်းသမားများ ညီလာခံ (IFJ) (ဓါတ်ပုံ- ဒေါ်အိအိတင်)

မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို နိုင်ငံတကာ သတင်းမီဒီယာသမား အတော်များများက မသိကြပေမယ့် နိုင်ငံအသီးသီးမှာ တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်သွားတဲ့ သတင်းထောက်တွေကို ဂုဏ်ပြုတဲ့အထဲ လုံခြုံရေးတပ်ဖွဲ့ရဲ့လက်ထဲမှာ ကွယ်လွန်သွားတဲ့ သတင်းထောက် ကိုပါကြီး ရဲ့ပုံလည်း ပါတာကို တွေ့ရတယ်လို့ IFJ - နိုင်ငံတကာသတင်းသမားများ အဖွဲ့ချုပ် ညီလာခံကို တက်နေတဲ့ ဒေါ်အိအိတင်က ပြောပါတယ်။ ဒါ့အပြင် တခြားနိုင်ငံအစိုးရတွေက သတင်းမီဒီယာ လွတ်လပ်ခွင့်ပေးထားတာတွေဟာလည်း မြန်မာ ခေါင်းဆောင်တွေအတွက် နမူနာယူစရာအဖြစ် လေ့လာတွေ့ရှိရကြောင်း သူက ပြောပါတယ်။ အပြည့်အစုံကိုတော့ တူနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ IFJ ညီလာခံမှာ မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းကိုယ်စား တက်ရောက်နေတဲ့ ဒေါ်အိအိတင်ကို ဆက်သွယ် မေးမြန်းပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံအခြေစိုက် International Federation of Journalists (IFJ) - နိုင်ငံတကာသတင်းသမားများအဖွဲ့ချုပ်ရဲ့ နှစ် (၃၀) မြောက် နှစ်ပတ်လည် ညီလာခံကို တူနီးရှားနိုင်ငံမြို့တော် တူးနစ်မှာ ဇွန်လ ၁၁ ရက်ကနေ ၁၄ ရက်နေ့အထိ ကျင်းပနေတာမှာ မြန်မာနိုင်ငံက ပထမဆုံးအကြိမ်အဖြစ် ဒီနှစ်မှာ တက်ရောက်ခွင့် ရတာ ဖြစ်ပါတယ်။

ဒေါ်အိအိတင်ဟာ မြန်မာနိုင်ငံသတင်းစာဆရာများအသင်းကို ကိုယ်စားပြုပြီး ဒီညီလာခံကို တက်ရောက်နေတာမှာ ညီလာခံကို တက်လာကြတဲ့ နိုင်ငံတကာက သတင်းမီဒီယာသမားတွေက မြန်မာနိုင်ငံအကြောင်း ကောင်းကောင်းမသိကြသေးသူ အများအပြား တွေ့ရတယ်လို့ ပြောပါတယ်။

“မြန်မာဆိုတာကို သူတို့တချို့တွေက သိပ်ပြီးတော့ မကြားဖူးကြဘူး။ ပြီးတော့ ဒီပွဲမှာက မြန်မာနိုင်ငံအနေနဲ့ လာပြီးတော့ တက်တာဆိုတာ ဒါ ပထမဦးဆုံးအကြိမ်လည်းဖြစ်တယ်ဆိုတဲ့ သဘောမျိုးရှိတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာက နိုင်ငံတော်တော်များများက အမေရိကားရော၊ ကနေဒါရော၊ နောက် အာဖရိကန်နိုင်ငံရော၊ ဇင်ဘာဘွေ၊ လိုင်ဘေးရီးယားကအစ အဲလိုမျိုးလေးတွေပေါ့နော်။ တော်တော်များများဆိုတော့ သူတို့ Interest နဲ့သူတို့ပေါ့။"

ဒါပေမယ့်လည်း ဇွန်လ ၁၁ ရက်၊ ညီလာခံပထမနေ့မှာ ကျင်းပတဲ့ တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်သွားကြတဲ့ သတင်းသမားတွေနဲ့ သွေးစည်းညီညွတ်ကြောင်းပြသတဲ့ အခမ်းအနားမှာတော့ ၂၀၁၄ ခုနှစ်၊ နှစ်ကုန်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း မြန်မာစစ်တပ်က ပစ်ခတ်လို့ သေဆုံးသွားရတဲ့ အလွတ်သတင်းထောက် ကိုကျော်နိုင် (ခေါ်) ကိုပါကြီးရဲ့ ဓါတ်ပုံ ပါဝင်တာကို တွေ့ရတယ်လို့ ပြောပါတယ်။

“solidarity march ဆိုပြီးတော့ ဒီကျဆုံးသွားတဲ့ ဂျာနယ်လစ်တွေ နှစ်ထောင်ကျော်လောက်ကိုပြတော့ ကျမတို့နိုင်ငံက ကိုပါကြီး နာမည်လည်းပါတာကို တွေ့ရပါတယ်။ ဆိုတော့ ကမ္ဘာကတော့ မျက်ကွယ်မပြုပါဘူး။ အထူးသဖြင့် ဂျာနယ်လစ်တွေ ဆိုတာကတော့ သူတို့ ဘာမှသာ တယောက်နဲ့တယောက် တွေ့တဲ့ စကားပြောတဲ့ အချိန်တွေကလည်း နည်းတယ်။ များသောအားဖြင့် Meeting ခန်းထဲမှာပဲ ဖြစ်တဲ့အခါကျတော့ ကိုယ့် issue ကို ကိုယ်ပြောတာများတော့ ကျမတို့အနေနဲ့ ကမ္ဘာက မြန်မာကို ဒီထက်ပိုပြီးသိအောင် လုပ်ရမယ်လို့လည်း ကျမတို့ အများကြီးကြိုးစားရဦးမယ်လို့ ပြောချင်ပါတယ်။"

အခု IFJ ညီလာခံကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေတဲ့ တူနီးရှားနိုင်ငံမှာ အလုပ်လက်မဲ့၊ ငွေကြေးဖောင်းပွမှု၊ အကျင့်ပျက်ခြစားမှုတွေ ဆယ်စုနှစ်တွေနဲ့ချီ ဖြစ်ပေါ်ခဲ့ပြီးနောက် ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလမှာ Jasmine တော်လှန်ရေးဖြစ်ခဲ့ရာက အာဏာရှင်အစိုးရ ပြုကျပြီး ဒီမိုကရေစီ စံနစ်နဲ့အညီ ရွေးကောက်ပွဲတွေကို ကျင်းပနိုင်ပြီးတဲ့နောက် ပြုပြင် ပြောင်းလဲမှုတွေကို ဖော်ဆောင်ခဲ့တာပါ။ တူနီးရှားနိုင်ငံမှာ စတင်ခဲ့တဲ့ Jasmine တော်လှန်ရေးကြောင့်ဘဲ Arab Spring - အာရပ်နွေဦးလို့ခေါ်တဲ့ အာရပ်ကမ္ဘာတဝှမ်း ဒီမိုကရေစီအရေး လူထု လှုပ်ရှားမှုတွေ ဆင့်ကဲ ဖြစ်ပေါ်ခဲ့တာပါ။

အာရပ်ကမ္ဘာတခုလုံး ဒီမိုကရေစီအသွင်ကူးပြောင်း လမ်းကြောင်းပေါ်ရောက်လာအောင် ဦးဆောင်ခဲ့တဲ့ တူနီးရှားနိုင်ငံရဲ့ လက်ရှိ သမ္မတက သူ့နိုင်ငံအတွင်း သတင်းမီဒီယာ လွတ်လပ်ခွင့် ပေးထားကြောင်း IFJ ညီလာခံဖွင့်ပွဲ အခမ်းအနားမှာ ပြောကြားခဲ့တာကို တွေ့လိုက်ရတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့လည်း ဒါကို အတုယူသင့်တယ်လို့ ဒေါ်အိအိတင်က ပြောပါတယ်။

“မနေ့တုန်းကဆိုရင် တူနီးရှားသမ္မတက ပြောသွားတာပေါ့နော်။ သူ့လက်ထက်မှာ ဘယ်သတင်းသမားကို သူက တရားရုံးကို မခေါ်ဘူး။ သူ့ကို ပြောချင်သလိုပြော၊ ရေးချင်သလိုရေးနေတယ် သူက ဘယ်သူ့ကိုမှ တရားရုံးကို မခေါ်ဘူးဆိုတာက ကျမတို့ တိုင်းပြည်အတွက်က တော်တော်လေးကို အများကြီးလိုတယ်ပေါ့နော်။ များသောအားဖြင့် ကျမတွေ့တဲ့လူတိုင်းကိုလည်း ကျမကတော့ မြန်မာပြည်ကပါ ကျမ သတင်းသမားပါဆိုတာကို လိုက်ပြီးတော့ introduce လုပ်တဲ့အတွက်ကို မြန်မာနိုင်ငံအနေနဲ့ ဒီထက်ပိုပြီးတော့ မီဒီယာလောကမှ ပွင့်ပွင့်လင်းလင်းဖြစ်လာမယ်လို့ ထင်ပါတယ်။"

မြန်မာနိုင်ငံမှာ သတင်းမီဒီယာလွတ်လပ်ခွင့် ပိုရှိလာအောင် တဘက်မှာ လုပ်ဆောင်နေတဲ့ တချိန်ထဲမှာဘဲ မြန်မာ သတင်းထောက်တွေရဲ့ အရည်အသွေးမြင့်တက်လာအောင် IFJ နဲ့ပေါင်းပြီး မြန်မာနိုင်ငံမှာ သတင်းတန်းတွေ ပို့ချပေးနေကြောင်းလည်း သူက ပြောပါတယ်။

ညီလာခံအတွင်း ဆွေးနွေးမှုတွေမှာ ဒေါ်အိအိတင်အနေနဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ပါဝင်ဆွေးနွေးဖို့ရှိတာမှာ ကျား/မ တန်းတူရေး၊ သတင်းမီဒီယာ လွတ်လပ်ခွင့် စတဲ့အကြောင်းအရာတွေကို အလေးပေး ဆွေးနွေးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၆ နှစ်အတွင်း သတင်းသမားတွေ အသတ်ခံရမှု ကျဆင်းခဲ့ပေမယ့် မနှစ် ၂၀၁၈ ခုနှစ်အတွင်းမှာတော့ ကမ္ဘာတဝှမ်း သတင်းမီဒီယာသမားတွေ အသတ်ခံရတဲ့နှုန်း မြင့်တက်လာခဲ့တာမှာ စုစုပေါင်း သေဆုံးသူ ၉၄ ယောက် ရှိခဲ့ကြောင်း ၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ IFJ က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG