သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင်လာသူတွေ ရှေ့သီတင်းပတ်ထဲ ကန် ပြန်ပို့တော့မလား


အမေရိကန် ပြည်ထောင်စု အတွင်းက သန်းနဲ့ချီတဲ့ တရားမဝင် နေထိုင်သူတွေကို နောက်သတင်းပတ်ကစလို့ ဌာနေပြန်ပို့မယ်လို့ သမ္မတ Donald Trump ကတိပြုပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် ရွှေ့ပြောင်းမိသားစုတွေကို စီးနင်း ဖမ်းဆီးမယ်ဆိုတဲ့ ကြေညာချက်ကြောင့် လူဝင်မှုကြီးကြပ်ရေး အရာရှိတွေကတော့ အံ့သြမင်သက်နေကြပုံ ရပါတယ်။

ဌာနေပြန်ပို့ရေး အပြီးသတ် အမိန့်ချထားပြီးပေမယ့်လည်း နိုင်ငံတွင်းမှာ ဆက်လက် နေထိုင်နေကြသူ ရွှေ့ပြောင်း ၁ သန်းကို အရင်ဆုံး ပစ်မှတ်ထားမယ်လို့ သမ္မတ Trump အစိုးရ တာဝန်ရှိသူတွေက ပြောဆိုထားချက်နဲ့ အတူဘဲ ဌာနေပြန်ပို့ရေး အစီအစဉ်ကို စဉ်းစားသုံးသပ်နေတာ လနဲ့ချီ ကြာမြင့်ခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အမေရိကန် ပြည်ထောင်စုကနေ တနှစ် အတွင်း ဌာနေပြန်ပို့မှု အများဆုံး ဖြစ်ခဲ့တဲ့ ၂၀၁၃ ခုနှစ်တုန်းက စုစုပေါင်း ရွှေ့ပြောင်း ၄၃၅,၀၀၀ ကို ဌာနေပြန်ပို့ခဲ့တာဖြစ်ပါတယ်။

တနလာၤနေ့ ညက သမ္မတ Trump ရဲ့ ကြေညာချက် ထွက်လာပေမယ်လို့လည်း ရွှေ့ပြောင်းမိသားစုတွေ အပေါ် စီးနင်း ဖမ်းဆီးမှုတွေက ချက်ချင်းတော့ မဟုတ်သေးကြောင်း၊ ဥပဒေအရ အရေးယူဆောင်ရွက်ရေး အသေးစိတ် အစီအစဉ်တွေ သမ္မတဘက်က ထုတ်ပြန်မယ့် အစီအစဉ်တွေကိုလည်း မတွေ့ရသေးကြောင်း အမေရိကန် လူဝင်မှုကြီးကြပ်ရေး အရာရှိတွေ အပြောကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

သမ္မတ Trump ပြောဆိုထားတဲ့ ပမာဏမျိုး စီးနင်း ဖမ်းဆီးဖို့ အတွက် ဥပေဒထိန်းသိမ်းရေး ဝန်ထမ်း ရာနဲ့ ထောင်နဲ့ချီ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမေရိကန် တောင်ပိုင်း မက္ကဆီကို နယ်စပ်မှာ ရွှေ့ပြောင်းဝင်ရောက်လာသူတွေကို ထိန်းချုပ်ရေး အတွက် လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်း အများအပြား ချထားရပါတယ်။ ပြီးခဲ့တဲ့ မေလ တလတည်းမှာတင် ရွှေ့ပြောင်း ဝင်ရောက်လာသူက ၁ သိန်း ၄ သောင်းကျော် ရှိခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG