သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ILO နှစ်တရာ ပြည့်ပြီ 


ILO နှစ်တရာပြည့် အခမ်းအနား
ILO နှစ်တရာပြည့် အခမ်းအနား

နိုင်ငံတကာ အလုပ်သမားအဖွဲ့ ILO ဖွဲ့စည်းခဲ့တာ နှစ် ၁၀၀ ပြည့်သွားခဲ့ပါပြီ။ ဂျနီဗာမှာ ၁၁ ရက်ကြာ ကျင်းပနေတဲ့ ILO ရာပြည့်အထိမ်းအမှတ် ညီလာခံကိုတော့ နိုင်ငံပေါင်း ၄၅ နိုင်ငံက ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်ပေါင်း ၅ ထောင်ကျော် တက်ရောက်နေပါတယ်။ ကုလသမဂ္ဂ ဌာနချုပ်ရှိရာ ဂျနီဗာကနေ Lisa Schlein ရဲ့ သတင်းပေးပို့ချက်ကို မခွာညိုက ပြောပြပေးပါ့မယ်။

ILO ရဲ့ အမှုဆောင်အရာရှိချုပ် Guy Ryder က - ပြီးခဲ့တဲ့ ရာစုတစုအတွင်း ကမ္ဘာပေါ်က အလုပ်အကိုင်တွေဟာ အပြောင်းလဲကြီး ပြောင်းလဲခဲ့ ပေမယ့် ILO အဖွဲ့ကြီးရဲ့ သတ်မှတ်ပြဌာန်းထားတဲ့ လူမှုရေးပိုင်း တရားမျှတမှုဆိုင်ရာ အခြေခံ စံတန်ဖိုးတွေကတော့ မပြောင်းမလဲ ကျန်ရှိ နေ ကြောင်း ပြောပါတယ်။ အနာဂတ်ရဲ့ လုပ်ငန်းခွင်အခြေအနေတွေဟာ လူမှုရေးဆိုင်ရာ တရားမျှတမှုပေါ်မှာ အခြေခံရမှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ILO အဖွဲ့ကြီးကို လူမျိုး ဘာသာ လိင် မခွဲခြားတဲ့ မျှတမှုတွေအတွက်၊ အလုပ်အကိုင်ကောင်းတွေ ဖန်တီးပေးဖို့အတွက်နဲ့ ကမ္ဘာ့နေရာ အသီးသီးက လူတိုင်း သာယာ ဝပြောရေးအတွက် အခြေခံဖွဲ့စည်းခဲ့တာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

လူတွေရဲ့ တိုးတက်ရာတိုးတက်ကြောင်းအတွက် အလုပ်အကိုင်ကောင်းတွေဟာ ဘယ်လောက် အရေးပါသလဲဆိုတာကို လက်ရှိဖြစ်နေတဲ့ မသေချာ မရေရာမှုတွေနဲ့ အလုပ်အကိုင်ရှားပါးမှုတွေက မီးမောင်းထိုးပြနေတယ်လို့လည်း သူက ပြောပါတယ်။ နောက်ပြီး ဒီလို အလုပ်အကိုင် ကောင်းတွေ ပေါ် ပေါက်လာစေဖို့ ILO ရဲ့ ရည်မှန်းချက်တွေ ပြည့်မီလာစေရေးမှာ လုပ်နည်းကိုင်နည်းတွေကိုတော့ ပြောင်းရမှာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

“ကမ္ဘာပေါ်က အလုပ်အကိုင်တွေဟာ တီထွင်ဆန်းသစ်လာတဲ့ နည်းပညာတွေ၊ ကမ္ဘာ့လူဦးရေ အပြောင်းအလဲ၊ ရာသီဥတုအပြောင်းအလဲတွေနဲ့ လွတ်လပ်မှု ကို အခြေပြုထားတဲ့ ကမ္ဘာ့စီးပွားရေးဝါဒ ထွန်းကားလာတာတွေဟာ ပေါင်းစပ်အကျိုးသက်ရောက်မှုတွေအရ ပြောင်းလဲသွားခဲ့ပါပြီ။ ကျနော်တို့ ILO အဖွဲ့ကြီးကတော့ အလုပ်သမားရေးဆိုင်ရာ ကိစ္စတွေအပေါ် ဒီလို ပြောင်းလဲမှုတွေနဲ့အညီ အကောင်းဆုံး ဖြစ်လာအောင် ဆောင်ရွက်ပေးသွားမှာပါ။”

မနေ့က ကောင်းကောင်းမွန်မွန်အလုပ်လုပ်ခဲ့ရတယ်ဆိုပေမယ့် မနက်ဖြန်မှာ ကောင်းချင်မှကောင်းမှာဖြစ်ကြောင်း မစ္စတာ Ryder က ပြောပါတယ်။ ဒါ့အပြင် ILO ကတော့ အဲဒီလို အပြောင်းအလဲတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ပေးမှာဖြစ်ပြီး အဲဒီအပြောင်းအလဲတွေကို ရှောင်ပြေးမှာ မဟုတ်ဘူး လို့လည်း ပြောပါတယ်။

ILO အဖွဲ့ဟာ လွန်ခဲ့တဲ့ နှစ်တရာအတွင်း အလုပ်သမားရေးဆိုင်ရာအခြေအနေတွေအတော်များများကို အဆင့်အတန်းမြင့်မားပြီး တိုးတက် ကောင်းမွန် အောင် ဆောင်ရွက်ပေးနိုင်ခဲ့တာတွေထဲမှာ အလုပ်သမားနဲ့အလုပ်ရှင်ကြား လုပ်အားခလစာ၊ အလုပ်ချိန်၊ လုပ်ငန်းခွင်အခြေအနေ တွေနဲ့ ပတ်သက်လို့ ညှိနှိုင်းဖြေရှင်းပေးတာ၊ အဆိုးဝါးဆုံးဖြစ်တဲ့ ကလေးအလုပ်သမားရေးနဲ့ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှုတွေကို ဖယ်ရှားရေးတွေလည်း ပါဝင်ပါတယ်။

လုပ်ငန်းခွင်ထဲမှာ အကြမ်းဖက်မှုနဲ့ နှောက်ယှက်မှုဆိုင်ရာ ပြဿနာတွေကို ILO အဖွဲ့က ကိုင်တွယ်ဖြေရှင်းပေးနေကြောင်း၊ လုပ်ငန်းခွင်တွင်း လိုက်နာရ မယ့် အခြေခံကျင့်ဝတ်စည်းကမ်းတွေ ပြဌာန်းအတည်ပြုနိုင်အောင် အားထုတ်ကြိုးပမ်းခြင်းနေတာလည်း မတော်မတရားမှုတွေကို ဆုံးခန်းတိုင်စေရေး အတွက် အောင်ပွဲတရပ်ဖြစ်လာပါလိမ့်မယ်လို့လည်း မစ္စတာ Ryder က ပြောသွားခဲ့ပါတယ်။

ILO နှစ်တရာ ပြည့်ပြီ
please wait

No media source currently available

0:00 0:02:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG