သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဓမ္မလုပ်အားပေးခိုင်းစေမှု မြန်မာILO ထံအစီရင်ခံဖို့ မလိုတော့


၁၀၇ ကြိမ်မြောက် ILO ညီလာခံ
၁၀၇ ကြိမ်မြောက် ILO ညီလာခံ

မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားခိုင်းစေမှု ၉၀ ရာခိုင်နှုန်း ပပျောက်သွားပြီဖြစ်ကြောင်း ဂျနီဗာ ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပတဲ့ ၁၀၇ ကြိမ်မြောက် ILO ညီလာခံမှာ မြန်မာအလုပ်သမား ကိုယ်စားလှယ်က တင်ပြခဲ့ပါတယ်။ ဒါပေမယ့် အဓမ္မလုပ်အားခိုင်းစေမှုတွေ သိသိသာသာမရှိတော့တဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ဆိုင်ရာ ပိတ်ပင်မှုတွေ ရှိနေတဲ့အတွက်ILO စံနှုန်းများကျင့်သုံးရေး ကော်မတီရှေ့မှောက်မှာ မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့် မရတဲ့ ကိစ္စကို ဇွန်လ ၅ ရက် အင်္ဂါနေ့က ကြားနာခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးမှာပါ။

ဆွစ်ဇလန်နိုင်ငံ ဂျနီဗာမြို့မှာ မေလ ၂၈ ရက်ကနေ ဇွန်လ ၈ ရက်နေ့အထိ ပြုလုပ်တဲ့ ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကြီးရဲ့ ၁၀၇ ကြိမ်မြောက် ညီလာခံမှာ မြန်မာနိုင်ငံရဲ့ အလုပ်သမားဆိုင်ရာ အရေးကိစ္စတွေထဲက အဓမ္မ လုပ်အားခိုင်းစေမှု နဲ့ ပတ်သက်ပြီး တင်ပြဆွေးနွေးစရာ မလိုတော့ဘူးလို့ ညီလာခံကို နိုင်ငံ့ အလုပ်သမားကိုယ်စားလှယ် အနေနဲ့ တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် CTUM က ဥက္ကဌ ဦးမောင်မောင် ခေါ် ဦးပြည်သစ်ညွန့်ဝေက ပြောပါတယ်။

“အရင်တုန်းကပေါ့ဗျာ အားလုံးမှတ်မိကြမှာပါ ၁၉၉၂ ခုနှစ် တုန်းက တင်ပြတဲ့အချိန်မှာတုန်းကတော့ အဓမ္မလုပ်အားဆိုတာမရှိတဲ့အကြောင်း ကလေးစစ်သား ဆိုတာမရှိတဲ့အကြောင်း လုံးဝကြီး ငြင်းခဲ့တယ်။ နောက်တော့ တဖြေးဖြေးနဲ့ ကျနော်တို့ သက်သေအထောက်အထားနဲ့ ပြတဲ့အခါမှာ ဒါကတော့ ရှိတယ်ဗျာ ဒါကို အတူတူဝိုင်းပြီးပြုပြင်ကြရအောင်ဆိုတဲ့အနေအထားမျိုးဖြစ်လာတယ်။ နောက်တခါ ILO ရဲ့ အဓမ္မလုပ်အားပပြောက်ရေးအတွက် ဆက်ဆံရေးရုံးတွေဖွင့်လာတယ်။ နောက်ပြီးတော့ မတ်လ လုပ်ခဲ့တဲ့ ILO ရဲ့ဦးဆောင်မှုအစည်းအဝေးမှာတော့ အဓမ္မလုပ်အားနဲ့ ပတ်သက်လို့ရှိရင်အစီရင်ခံစာတင်ဖို့ မလိုတော့တဲ့အနေအထားကို ဖြစ်သွားပါတယ်။ အဲဒီတော့ အဓမ္မလုပ်အားဆိုတာ နည်းနည်းတော့ရှိဦးမှာပါ။ နောက်ကျနော်တို့ အုပ်ချုပ်ရေးတချို့မမှီတဲ့နေရာမှာ ရှိနိုင်သေးတယ်။ သို့သော် ၁၉၉၂ ခုနှစ် တုန်းကနဲ့ စာရင်တော့ ၉၀ ရာခိုင်နှုန်းအထိတော့ ပပြောက်သွားပြီ၊ နည်းနည်းပါးပါးကျန်နိုင်သေးတယ် ဒါကိုလည်း ဆက်ပြီးတော့ Monitor လုပ်ရမယ် ။ သို့သော် ILOမှာ အစီရင်ခံစာတင်ရတဲ့ကိစ္စ မတင်ရတော့ဘူးဆိုတာကတော့ ဝမ်းသာဖို့ကောင်းပါတယ်။”

အခုလို အဓမ္မလုပ်အားခိုင်းစေမှုနဲ့ ပတ်သက်ပြီး ILO ကို အစီရင်ခံစာ တင်သွင်းစရာ မလိုတော့ပေမယ့် ြမန်မာနိုင်ငံမှာ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့် ပြောဆိုခွင့်တွေနဲ့ ပတ်သက်ပြီး ပိတ်ပင်မှုတွေ ပိုဆိုးလာနေတာကို ILO မှာ တင်ပြခဲ့တဲ့အတွက် ဇွန်လ ၅ ရက်နေ့က ကြားနာခဲ့တယ်လို့ IWMF စက်မှုလုပ်သားအစည်းအရုံး ဥက္ကဌ ဖြစ်တဲ့ အလုပ်သမားကိုယ်စားလှယ် ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။

“ အလုပ်သမားအဖွဲ့အစည်းဥပဒေတွေမှာ အလုပ်သမားအဖွဲ့တွေကို လွတ်လွတ်လပ်လပ်ဖွဲ့လို့မရတဲ့ ကန့်သတ်ချက်တွေရှိနေတယ်။ အဲဒီကန့်သတ်ချက်တွေကို ကျမတို့က တင်ပြတယ်။ ဖွဲ့စည်းတဲ့အခါမှာလည်း ဒီအလုပ်သမားသမဂ္ဂတွေ စပြီးဖွဲ့တဲ့အခါ အလုပ်ရှင်တွေက ထုတ်ပစ်တာတို့ ခုံသမာဓိရဲ့ ဆုံးဖြတ်ချက်တွေကို မလိုက်နာတာတို့ သမဂ္ဂတွေကိုဖြိုခွဲတဲ့ Case တွေကိုကျမတို့တင်တယ်။ ဒီလွတ်လပ်စွာ စုရုံးခွင့် ၊ ဆန္ဒထုတ်ဖော်ခွင့် အဲဒါတွေနဲ့ ပတ်သက်ရင် ကျမတို့ မြန်မာနိုင်ငံမှာ ငြိမ်းစုစည် ဥပဒေကို ပြင်ဆင်ထားတာရှိတယ်လေ။ အဲဒါက ပြောမယ်ဆိုရင် လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် တွေကို ပိတ်ပင်ထားတာတွေအများကြီးရှိတယ်။ ကျမတို့က အစိုးရကို တိုက်တွန်းတာပေါ့နော် ILOကိုလည်း လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နဲ့ ပတ်သက်တဲ့ စီမံချက်ကို မြန်မာနိုင်ငံမှာ ပြန်ပြီးလုပ်ဖို့ဆိုတာကို ကျမတို့ တိုက်တွန်းထားပါတယ်။”

မြန်မာနိုင်ငံမှာ အလုပ်သမားတွေရဲ့ လုပ်ပိုင်ခွင့်ဆိုင်ရာမှာ ပြောင်းလဲမှုတွေ ရှိနေပေမယ့် လွတ်လပ်စွာ စုဝေး ပြောဆိုခွင့်တွေ အကန့်သတ်ခံနေ ရတာဟာ နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် အထိပါ ထိခိုက်လာနိုင်တာမို့ ဒါကို မူအရပါ လက်မခံသင့်ဘူးလို့လည်း ၁၀၇ ကြိမ်မြောက် နိုင်ငံတကာ အလုပ်သမားညီလာခံမှာ ဇွန်လ ၂ ရက် က အလေးအနက်ပြောဆိုခဲ့တယ်လို့ ဦးပြည်သစ်ညွန့်ဝေက ပြောပါတယ်။

“ပြောင်းလဲမှုကတော့ ရှိနေတယ်။ နိုင်ငံရေးပြောင်းလဲမှုမှ ကျနော်တို့ … တွေ အလုပ်သမားတွေလည်း ပါဖို့လိုတယ်ဆိုတဲ့အကြောင်း အဲဒါအတွက် အလုပ်လုပ်တဲ့အခါမှာ ၃ ပွင့်ဆိုင် ယန္တယားကိုသုံးပြီးတော့ ဆွေးနွေးဖို့လိုသေးတဲ့အကြောင်း အဲဒါကို အဓိက တင်ပြခဲ့ပါတယ်။ အဲဒီလိုတင်ပြတဲ့အထဲမှာ ငြိမ်းစုစည်ပေါ့နော်။ လွတ်လပ်စွာ စုဝေးတယ်ဆိုတဲ့ကိစ္စကို ကန့်သတ်လိုက်တယ် အဲဒါကို အလုပ်သမားဥပဒေနဲ့ တွဲလိုက်ရင် ကျနော်တို့ အလုပ်သမားတွေနဲ့ ခံစားချက်တွေကို ထုတ်ဖော်ဖို့ နေရာကို မရှိတော့ဘူးခင်ဗျ ။ နောက်တခါ ငြိမ်းစုစည်ကို လုပ်လိုက်ရင် ကျနော်တို့က လှုပ်ရှားခွင့်မရှိတဲ့အခါမှာ Freedom of Association လည်းမရှိတော့ဘူး။ ဒီအပြင်ကို ရင်းနှီးမြုပ်နှံမှုက အရင်တုန်းကလို ၁ ပါတီ စနစ်ကိုပဲ ပြန်ရောက်သွားပြီးလားဆိုတာမျိုးဖြစ်မယ်ဆိုတာကို ကျနော်ထည့်ပြောပါတယ်ခင်ဗျ။”

အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရ အဖွဲ့ ၃ ဖွဲ့စလုံးပါဝင် ဆွေးနွေးကြတဲ့ ILO ညီလာခံမှာ မြန်မာအစိုးရဘက်က ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေဦးဆောင် တက်ရောက်ခဲ့ကြပြီး ဂျနီဗာကုလသမဂ္ဂရုံးချုပ် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်ဖြစ်တဲ့ သံအမတ်ကြီး ဦးထိန်လင်းအပြင် အလုပ်ရှင်ကိုယ်စားလှယ်အဖြစ် ကုန်သည်- စက်မှု အသင်းချုပ် UMFCCI က ဒေါ်ခိုင်ခိုင်နွယ် တက်ရောက်ခဲ့ပါတယ်။ အလုပ်သမားကိုယ်စားလှယ် အဖြစ် ဦးပြည်သစ်ညွန့်ဝေ ဦးဆောင်တဲ့ CTUM က ကိုယ်စားလှယ် ၁၀ ဦး တက်ရောက်ခဲ့တာပါ။

မြန်မာနိုင်ငံမှာ အတင်းအဓမ္မ လုပ်အား ခိုင်းစေမှုမှာအကြုံးဝင်တဲ့ ကလေးစစ်သား အသုံးပြုမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ရဆဲ ဖြစ်တယ်လို့ အမေရိကန်နဲ့ ကုလသမဂ္ဂက ပြောဆိုနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG