သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်း သီတင်းပတ် အတွင်း မြန်မာ့ စီးပွားရေး အပြောင်းအလဲ


(Zawgyi/ Unicode)
စစ်အာဏာသိမ်းပြီး သီတင်း တပတ် အတွင်းမှာဘဲ မြန်မာ့ စီးပွားရေး အပေါ် သိသိသာသာ ရိုက်ခတ်ခဲ့ပါတယ်။ ဂျပန် ဘီယာ ထုတ်လုပ်ရေး လုပ်ငန်းကြီး Kirin က စစ်တပ်အာဏာသိမ်းမှုကို တုံ့ပြန်တဲ့ အနေနဲ့ စစ်တပ်ရဲ့ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်နဲ့ အလုပ်ဆက် မလုပ်တော့ဘူးလို့ ကြေညာခဲ့ပါတယ်။ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းကြီးတွေမှာ အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုကို စိုးရိမ်နေကြသလို သာမန်ပြည်သူတွေ ကြားမှာတော့ ကုန်ဈေးနှုန်း တက်ပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးပါမယ်။

မြန်မာ စစ်တပ် အာဏာသိမ်းပြီး ၅ ရက်မြောက်နေ့မှာဘဲ စစ်တပ်ရဲ့ ဦးပိုင်လီမိတက်နဲ့ အလုပ်ဆက် မလုပ်တော့ဘူးလို့ ဂျပန် ဘီယာထုတ် လုပ်ငန်းကြီး Kirin က ကြေညာခဲ့ပါတယ်။ စစ်တပ်ရဲ့ လုပ်ရပ် အပေါ်မှာ အလွန် စိုးရိမ်ရကြောင်း Kirin လုပ်ငန်းကြီးက ကြေညာပါတယ်။

“ လက်ရှိ အခြေအနေအရ ဦးပိုင်လီမိတက်နဲ့ ဖက်စပ် လုပ်ငန်းကို ရပ်ပစ်ဖို့ကလွဲလို့ Kirin လုပ်ငန်းကြီး အနေနဲ့ တခြား ရွေးချယ်စရာ မရှိတော့ပါဘူး။ ဦးပိုင် လီမိတက်ဟာ စစ်တပ်ကို ငွေကြေးပံ့ပိုးပေးနေတာပါလို့ Kirin လုပ်ငန်းက ကြေညာချက် ထုတ်ခဲ့တာပါ။ စစ်တပ်ပိုင် မြန်မာဘီယာနဲ့ အလုပ်ဆက် မလုပ်တော့ဘူးလို့ Kirin လုပ်ငန်းဘက်က ဆုံးဖြတ်လိုက်တဲ့ အပေါ်မှာ ဒီရလဒ်ထွက်ဖို့ တွန်းအားပေးနေတဲ့ အဖွဲ့တခုဖြစ်တဲ့ Justic for Myanmar က ကြိုဆိုပါတယ်။

ပြည်တွင်းမှာ ဈေးကွက်ဝေစု အခိုင်အမာ ရထားတဲ့ မြန်မာ ဘီယာ အတွက် အကျိုးအမြတ် ထိခိုက်နိုင်သလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ ဒါပေမယ့် စစ်တပ်နဲ့ ပတ်သက်တဲ့ မြန်မာ ဘီယာ အပေါ်မှာ အခု Kirin က အဆက်အသွယ် ဖြတ်လိုက်တာဟာ ပြည်ပမှာတင် မဟုတ်ဘဲ ပြည်တွင်းမှာပါ အကျိုးသက်ရောက်မှု ရှိမယ်လို့ စည်းရုံးလှုပ်ရှားမှု အဖွဲ့ Justic for Myanmar က ယူဆပါတယ်။

ဒါကတော့ အာဏာသိမ်းပြီး ၅ ရက်အကြာ စစ်တပ်ရဲ့ ဦးပိုင် လုပ်ငန်း အတွက် သိသာ ထင်ရှားတဲ့ အပြောင်းအလဲ ဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံ လုပ်ကိုင်နေရတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကတော့ အမေရိကန်ဘက်က မြန်မာ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်လာလေ မလားဆိုတာကို စောင့်ကြည့်နေကြပါတယ်။ စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက အခုလို ပြောပါတယ်။

“ ကျနော်တို့က ဒီ ရေရှည်မှာ စိုးရိမ်ပြီး ဆွေးနွေးနေကြတာတော့ တခုဘဲ။ ဒီ အမေရိကန် ဒဏ်ခတ် ပိတ်ဆို့မှု လုပ်၊ မလုပ် အဲဒီ တချက်ကို ကြည့်နေတာ။ အဲဒီ ကျရင်တော့ ကျနော်တို့ ငွေပေးချေမှု အပိုင်းပေါ့ အရင်တုန်းကလည်း တပ်မတော် အစိုးရ လက်ထပ်မှာလည်း ကျနော်တို့က ငွေပေးချေတဲ့ နေရာမှာ US Sanction ရှိတဲ့ အတွက်ကြောင့် မို့လို့ ကျနော်တို့က စကာၤပူမှာ ရှိတဲ့ ကုမ္ပဏီတွေက တဆင့်ခံပြီးတော့ ပေးချေရတယ်။ ဗမာပြည်ကနေ တခြား နိုင်ငံရောင်းရင် ကျနော်တို့က ဗမာပြည်ကနေ စကာၤပူကို အထွက်ပြတယ်၊ စကာၤပူ ကနေ တဆင့်ခံပြီးမှ တခြားနိုင်ငံကို သွားတယ်ပေါ့နော်။ U.S. ဒေါ်လာကျတော့ အမေရိက ကနေ ဖြတ်ကြတာပေါ့။ Bank of America တို့ ဘာတို့က တဆင့် ဖြတ်ရတာကိုး။ ပေးချေမှု အပိုင်းမှာ အဲဒီ တခုဘဲ ဒီ ကုန်သွယ်မှု အပိုင်းကို ထိခိုက်နိုင်ခြေ ရှိပါတယ်။ ”

စစ်တပ် အာဏာစွန့်ဖို့ အမေရိကန် သမ္မတ Joe Biden က တိုက်တွန်းထားပြီး အရေးယူ ဒဏ်ခတ်ဖို့လည်း ပြောဆိုထားတာပါ။ အမေရိကန်ရဲ့ ဒဏ်ခတ် ပိတ်ဆို့မယ့် အရေးကို သာမန် လူထု အတွင်းမှာလည်း စိုးရိမ်ပါတယ်။ အရောင်းအဝယ် သမား ကိုဝဏ္ဏစိုးက-
“ နိုင်ငံတကာက ဒဏ်ခတ် ပိတ်ဆို့မှုတွေ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ ဖြစ်ဖို့လည်း အလားအလာ ရှိပါတယ်။ အဲဒီတော့ ပိုပြီး တော့ ပြည်သူ လူထု အနေနဲ့ COVID ကာလကိုလည်း ကျော်ခဲ့တယ်။ စားဝတ်နေရေးလည်း အခက်အခဲ ဖြစ်ခဲ့တယ်။ အခု ဒီလိုမျိုးကြီး အာဏာ သိမ်းလိုက်တဲ့ အပေါ်မှာလည်း စီးပွားရေး ပိတ်ဆို့မှု ဖြစ်လာမယ်ဆို ပြည်သူ လူထုတွေက ခါးစည်းပြီး ခံရမှာက ပြည်သူ လူထုဘဲ။ သူတို့ဆီမှာတော့ မိသားစုလိုက် သားစဉ် မြေးဆက် စားလို့ မကုန်ဘူးလို့ သိထားတယ်လေ။ ”

စစ်အာဏာသိမ်းမှုကို မျိုးရိုးစဉ်ဆက် အတွေ့အကြုံရင့်ကြတဲ့ မြန်မာ ပြည်သူတွေကတော့ စစ်အာဏာ သိမ်းပြီ ဆိုတာနဲ့ ဘဏ်မှာ ပြေးပြီး ငွေထုတ်ကြတာပါ။ လူထုရဲ့ စိုးရိမ်ချက်ကို ဒေါက်တာ စိုးထွန်းက ပြောပြပါတယ်။

“ ဟုတ်ကဲ့ပါခင်ဗျား။ ပထမဆုံး စပြီးတော့ ထိန်းသိမ်းတဲ့ ၁ ရက်နေ့က အင်တာနက် ဖုန်းလိုင်းတွေ ဖြတ်ထားတာပေါ့နော်။ ဖြတ်ထားတဲ့ အတွက် ဘဏ်တွေမှာ ကျနော်တို့ ပိုက်ဆံ ထုတ်လို့ မရဘူး။ နောက် အွန်လိုင်းနဲ့ ပေးချေတဲ့ဟာ အားလုံးက ပေးလို့ မရဘူး။ အဲဒီ နေ့က ဘဏ်တွေ အားလုံး ပိတ်တယ်ဆိုပြီးမှ မြန်မာနိုင်ငံ ဘဏ်များ အသင်းက ကြေညာချက် ထုတ်ပြန်တာပေါ့နော်။ ထုတ်တဲ့ အတွက်ကြောင့်မို့လို့ လူတွေက ATM မှာ တန်းစီ ကြတယ်။ သို့ပေမယ့် ပိုက်ဆံ ထုတ်လို့ မရဘူး။ တချို့ကျတော့လည်း တခုခု ဖြစ်မှာ စိုးရိမ်တဲ့ အတွက်ကြောင့်မို့လို့ ထုံးစံ အတိုင်းဘဲ ပေါ့နော်။ ကျနော်တို့ စားနပ်ရိက္ခာပေါ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ် ကြက်သွန် ပေါ့နော် ဒါတွေ ဝယ်ကြတယ်ပေါ့။ ဝယ်ဖို့ အတွက် လိုအပ်တဲ့ ပိုက်ဆံ - ပိုက်ဆံက ထုတ်လို့ မရတော့ ၁ ရက်နေ့မှာတော့ စိုးရိမ်နေကြတယ်ပေါ့နော်။ ”

“ ၂ ရက်နေ့မှာတော့ အင်တာနက် ပြန်ရတယ်။ ဘဏ်တွေ ပြန်ဖွင့်ပေးတယ်။ သို့သော်လည်းဘဲ လူတွေ အများကြီး ဝိုင်းထုတ်တဲ့ အတွက်ကြောင့် ဘဏ်တွေမှာလည်း ကျနော်တို့ ငွေစက္ကူပေါ့နော် Cash က ရှားပါးမှု ဖြစ်တယ်။ ဖြစ်တော့ အကန့်အသတ်တွေ လုပ်လိုက်တယ်ပေါ့။ ”

အာဏာသိမ်းတဲ့ မနက်ခင်းမှာဘဲ အခြေခံ စားကုန်တွေ အပြေးအလွှား ဝယ်ယူခဲ့ကြပါတယ်။ ဈေးသည် မနှင်းနှင်းရီကတော့ ဈေးဝယ်သူတွေ ဒီရက်ပိုင်း အတွင်းများပြီး အခြေခံ စားကုန် ဈေးနှုန်း တက်သွားတယ်လို့ ပြောပါတယ်။ ရန်ကုန်မြို့ခံ ကိုအောင်နိုင်ကတော့ စီးပွားရေး ကြပ်တည်းလာမယ့် အရေး စိုးရိမ်နေပါတယ်။ မြို့တော် နေပြည်တော်ဘက်က လူထုရဲ့ စိုးရိမ်မှုကိုလည်း တင်ပြပေးပါမယ်။

နေပြည်တော်က ဈေးသည် တဦးကတော့ အရောင်းအဝယ် မကောင်းရင် စားဝတ်နေရေး အခက်တွေ့မှာကို ပူပန်တယ်လို့ ပြောပါတယ်။ နောက် ဈေးသည် တဦးကတော့ ဒီအခြေအနေက ချို့တဲ့သူတွေ အတွက် ပိုပြီး အထိနာစေမယ်လို့ ယူဆနေပါတယ်။

COVID 19 ကမ္ဘာ့ ကပ်ဘေးကြောင့် ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ အပါအဝင် လုပ်ငန်းခွင် အတော်များများ အခက်အခဲကြုံနေရပြီး ဖြစ်တဲ့ အချိန်မှာ စစ်အာဏာ သိမ်းမှုကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု အပါအဝင် ပြည်တွင်း လုပ်ငန်းတွေ ရှေ့အလားအလာ အတွက် အခြေအနေကို စောင့်ကြည့်နေကြရပြီး မရေရာမှုတွေ ပိုများလာပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)
















XS
SM
MD
LG