သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump ကျမ်းသစ္စာကျိန်ဆိုပွဲ အကြိုအခြေအနေ


ကျမ်းသစ္စာကျိန်ဆိုပွဲ အတွက် ပြင်ဆင်နေပုံ
ကျမ်းသစ္စာကျိန်ဆိုပွဲ အတွက် ပြင်ဆင်နေပုံ

အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ ယောက်မြောက်သမ္မတဖြစ်လာမယ့် Donald Trump ကျမ်းသစ္စာကျိန်ဆိုပွဲကျင်းပဖို့ အခုဆိုနာရီပိုင်းပဲလိုပါတော့တယ်။ ထောက်ခံသူတွေနည်းတူ ကန့်ကွက်ဆန္ဒပြမယ့်သူတွေလည်း အများကြီးလာရောက်ကြမယ့် ကျမ်းကျိန်ပွဲကျင်းပမဲ့ Capitol Hill လွှတ်တော်အဆောက်အဦးတဝိုက်မှာ လုံခြုံရေးတွေကို တင်းတင်းကြပ်ကြပ်ချထားပြီး အပြီးသတ်ပြင်ဆင်မှုတွေကို လုပ်နေကြပါတယ်။ သောကြာနေ့ မနက်ပိုင်းကစလို့ ညပိုင်းအထိ တနေကုန် ရှိနေတဲ့ သမ္မတသစ်တက်ပွဲ အခမ်းအနားတွေဆီကို ကြပ်မတ်တဲ့လုံခြုံရေးကြားမှာ အနယ်နယ်အရပ်ရပ်ကနေ လာကြမယ့်သူတွေကလည်း အဆင်သင့်ဖြစ်နေကြပါပြီ။ သမ္မတကျမ်းကျိန်ပွဲအတွက် နောက်ဆုံးပြင်ဆင်မှုအခြေအနေကို မစုမြတ်မွန်က အပြည့်အစုံဆက်ပြီးတင်ပြပါလိမ့်မယ်။

ကျမတို့ VOA ရုံးအဆောက်အဦးကနေ ၅ မိလောက်လမ်းလျှောက်သွားရင်ရောက်တဲ့ Capitol Hill လွှတ်တော်အဆောက်အဦးကြီးရဲ့ အရှေ့ဖက်မှာ အမေရိကန်ပြည်ထောင်စုရဲ့ ၅၈ ကြိမ်မြောက် သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၀ နေ့လည် ၁၂ နာရီမှာ ကျင်းပမှာဖြစ်ပါတယ်။ အဲဒီနေရာကနေ သမ္မတဟောင်း Lincoln အမှတ်တရ အဆောက်အဦးကြားမှာရှိတဲ့ ကွင်းပြင်ကြီးတလျှောက်မှာ လူပေါင်း ၁ သန်းလောက်လာပြီး ကျမ်းသစ္စာကျန်ဆိုပွဲမှာပါဝင်မယ်လို့ ဝါရှင်တန်ဒီစီ ရဲတပ်ဖွဲ့က ခန့်မှန်းထားကြပါတယ်။ အဲဒီထဲမှာ ၄၅ ယောက်မြောက်သမ္မတသစ်ဖြစ်လာမယ့် Donald Trump ကို ထောက်ခံသူတွေရော၊ ဆန္ဒပြမယ့်သူတွေပါ ပါတဲ့အတွက် လုံခြုံရေးကိုတင်းတင်းကြပ်ကြပ်လုပ်ထားပါတယ်။

လုံခြုံရေးအတွက် သံဇကာခတ်ထား
လုံခြုံရေးအတွက် သံဇကာခတ်ထား

VOA ရုံးတဝိုက်အပါအဝင် ဒီပါတ်ဝန်းကျင်မှာ သံဇကာတွေ၊ အတားအဆီးတွေကာရံထားတာကို မြင်နေရပါတယ်။ ကြာသပတေးနေ့ နေ့လည်ပိုင်းထဲက လွှတ်တော်အဆောက်အဦး ဝန်းကျင်တဝိုက် ယာဉ်အသွားအလာတွေ ပိတ်လိုက်သလို လူအသွားအလာကိုလည်း ကန့်သတ်ထားပါတယ်။ လွှတ်တော်အဆောက်အဦးထဲမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေကိုလည်း ညနေ ၄ နာရီနောက်ဆုံးထားပြီး အဆောက်အဦးထဲက ထွက်ဖို့ ညွှန်ကြားထားတယ်လို့ လွှတ်တော်ထဲမှာ အလုပ်လုပ်နေတဲ့ M တူးအောင်က ပြောပြပါတယ်။

“security က တော်တော်လေးကို ကျပ်နေတယ်။ United States Capitol Police အနေနဲ့ capitol အဆောက်အဦးထဲကို ညနေ ၄ နာရီကနေစပြီးတော့မှ ဘယ်သူမှကို မရှိနေခိုင်းတော့ဘူး။ သူတို့ အသေးစိတ်လုံခြုံရေးကို စစ်ဆေးမယ်၊ လုံခြုံရေးအတွက်ဖြစ်ပါတယ်။ နောက်တခုက အဆောက်အဦးရဲ့ ပတ်ပတ်လည်မှာဆိုရင်လည်း သံခြုံစည်းရိုးတွေနဲ့ပေါ့နော် အဲလိုမျိုးအကုန်လုံးကာပြီးတော့မှ တော်တော်များများမှာ လုံခြုံရေးယူထားတယ်။ နောက်ပြီးတော့မှ ကားတွေလည်း ဒီပတ်ဝန်းကျင်မှာ အရင်တုန်းကတော့ ကျနော်တို့ Permit ရှိလည်း Park လို့ရတယ်။ အခုတော့ ကား Permit ရှိလည်း park ခွင့်မရှိတဲ့ အခြေအနေမျိုးဖြစ်သွားတယ်။ နောက်ပြီးတော့ ဒီနေ့ကနေစပြီးတော့ ကား ၁ စီးမှ ဒီပတ်ဝန်းကျင်မှာ Parking ထိုးလို့မရတော့ဘူး၊ ဆိုတော့ တခြားနေရာတွေမှာပဲ သွားပြီးတော့ Parking ထိုးရတယ်။ ကားတွေလည်း ဝင်လို့မရတော့ဘူး၊ နောက် လုံခြုံရေးအနေနဲ့ ရဲတွေကလည်း အရင်တုန်းက ၁ ယောက်လောက်ထားတဲ့ နေရာမှာ အခုဆို ၃ (သို့မဟုတ်) ၄ (သို့မဟုတ်) ၅ ယောက်လောက်ထားတာတွေ့တယ်။ နောက် ဒီအထဲကို ဝင်ဖို့ဆိုရင် scan တွေဖြတ်ပြီးတော့မှ ဝင်ရမယ့် လုံခြုံရေး အစီအစဉ်တွေ တော်တော်များများကို အပေါက်တော်တော်များများမှာ ပြင်ဆင်ထားတာတွေ့ရပါတယ်။”

လုံခြုံရေးရဲများ
လုံခြုံရေးရဲများ

ဝါရှင်တန်ဒီစီမြို့တော် မြို့လယ်ထဲက စတုရန်းမိုင် ၃ မိုင်ပါတ်လည်မှာ လုံခြုံရေးအတွက် လုံခြုံရေးတာဝန်ရှိသူပေါင်း ၂ သောင်း ၈ ထောင်ကို တာဝန်ချထားပါတယ်။ ကျမ်းကျိန်ပွဲ မကျင်းပခင်၊ ကျင်းပနေချိန်နဲ့၊ ကျင်းပပြီးချိန်တွေအတွင်း Donald Trump ကိုဆန့်ကျင်သူနဲ့ ထောက်ခံသူအုပ်စုပေါင်း ၁၀၀ လောက်က ဆန္ဒပြကြဖို့လည်း စီစဉ်နေကြပါတယ်။ သမ္မတသစ်ဖြစ်လာမယ့် Trump ကို ဆန့်ကျင်ဆန္ဒပြကြမယ့် Disrupt J20 ဆိုတဲ့အဖွဲ့က လုံခြုံရေးဂိတ်ပေါင်း ၁၂ ခုမှာ ပိတ်ဆို့ဆန္ဒပြကြမယ့်အကြောင်း စီစဉ်သူတယောက်ဖြစ်တဲ့ Samantha Miller ကခုလိုပြောပါတယ်။

“ဒါဟာကျွန်မရဲ့တာဝန်ဖြစ်သလို အသိဉာဏ်ရှိတဲ့ ဘယ်သူမဆို ဒီကျမ်းကျိန်ပွဲကို နှောင့်ယှက်ရမယ့်တာဝန်ရှိပါတယ်။ အကြီးအကျယ် ကန့်ကွက်တယ်ဆိုတာကို အဲဒီနေ့မှာ ပြသကြဖို့လိုပါတယ်။ ဒီနိုင်ငံထဲမှာရှိနေတဲ့ လူမှုအသိုင်းအဝိုင်းအများအပြားအပေါ် သူတို့ရဲ့ ခြိမ်းခြောက်မှုတွေကို လက်မခံနိုင်ဘူးဆိုတာကို Trump အစိုးရ ပထမဆုံးစတက်တဲ့နေ့ထဲက ပြသရမှာဖြစ်ပါတယ်။”

ဆန္ဒပြသူများ
ဆန္ဒပြသူများ

ခုလိုဆန္ဒပြကြမယ့်အုပ်စုတွေရှိသလို သမ္မတသစ်ကိုထောက်ခံတယ်ဆိုတာပြသဖို့ အနယ်နယ်အရပ်ရပ်ကနေ တကူးတကလာကြသူတွေလည်းရှိပါတယ်။ Marvin Bonner ဆိုရင် Tennessee ပြည်နယ်ကနေလာခဲ့သူပါ။

“၄၄ ယောက်မြောက်သမ္မတုန်းက ပထမဆုံး African American သမ္မတဖြစ်လို့ သမိုင်းဝင်သလို အခု ၄၅ ယောက်မြောက်ကလည်း နိုင်ငံရေးအတွေ့အကြုံမရှိတဲ့ စီးပွားရေးသမား ပထမဆုံးသမ္မတဖြစ်လို့ သမိုင်းဝင်ပါတယ်။ သမ္မတမဖြစ်ခင်တုန်းက အမေရိကန်ပြည်သူတွေကို သူပေးထားတဲ့ကတိတွေအတိုင်း လုပ်နိုင်မလား နောက်ဘာတွေဖြစ်လာမလဲဆိုတာစောင့်ကြည့်ရမယ့် စိတ်ဝင်စားစရာပါ။”

ပြီးခဲ့တဲ့သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲတွေနဲ့ အခုတခေါက် ကျမ်းကျိန်ပွဲ ထူးခြားတဲ့ ကွာခြားချက်ကတော့ Donald Trump ရဲ့ကျမ်းကျိန်ပွဲကို မတက်ဘူးလို့ လူသိရှင်ကြားပြောထားတဲ့ Democratic ပါတီလွှတ်တော်အမတ်ပေါင်း ၅၀ ထက်မနည်းရှိပါတယ်။

သမ္မတသစ်ကို သပိတ်မှောက်ပြီး လွှတ်တော်အမတ်တွေက ကျန်းကျိန်ပွဲကို မတက်တာ အမေရိကန်သမိုင်းမှာ အရင်ကရှိခဲ့ဖူးပေမဲ့ ခုလောက်အရေအတွက်မများခဲ့ပါဘူး။ အမေရိကန်သမ္မတရွေးကောက်ပွဲကို ရုရှားက Online ကနေထိုးဖောက်နှောင့်ယှက်ခဲ့တယ်ဆိုတဲ့အတွက် Donald Trump သမ္မတဖြစ်လာတာ တရားမဝင်ဘူးလို့ လွှတ်တော်ထဲမှာ သြဇာညောင်းတဲ့ အောက်လွှတ်တော်အမတ် John Lewis ကပြောခဲ့တဲ့အပေါ် Trump ကတိုက်ခိုက်ပြောဆိုခဲ့ပြီးနောက်မှာ ခုလို ကျမ်းကျန်ပွဲကို သပိတ်မှောက်ပြီး မတက်တဲ့လွှတ်တော်အမတ်အရေအတွက် တိုးလာခဲ့တာပါ။

နောက်ထူးခြားချက်ကတော့ လူထုသဘောထားစစ်တမ်းတွေအရ သမ္မတသစ် Donald Trump ဖြစ်လာမှာကို ထောက်ခံသူအရေအတွက်က ၄၀ ရာခိုင်နှုန်းပဲရှိပါတယ်။ ဒါဟာ နှစ်ပေါင်း ၄၀ အတွင်း အနိမ့်ဆုံးပြည်သူ့ထောက်ခံမှုဖြစ်တယ်လို့ အမေရိကန်ထုတ် သတင်းစာကြီးတွေက သုံးသပ်ကြပါတယ်။ လွန်ခဲ့တဲ့ ၈ နှစ်သမ္မတ Barack Obama တုန်းကကျမ်းကျိန်ပွဲမလုပ်ခင် လူထုထောက်ခံမှု ၇၉% ရရှိခဲ့တာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Donald Trump သမ္မတသစ်ဖြစ်လာမယ့် အခမ်းအနားတွေက အခုထဲကစတင်ကျင်းပနေပါပြီ။ သောကြာနေ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ကို M တူးအောင်ကတော့ အခက်အခဲတွေကြားကနေ ပါဝင်မယ်လို့ ခုလိုပြောပါတယ်။

“အဓိက ဒီ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ လာရတဲ့ ရည်ရွယ်ချက် ၁ ကတော့ ကျနော်တို့က Trump ကို ကြိုက်နှစ်သက်ပြီးတော့မှ ထောက်ခံအားပေးတဲ့ လူ၁ ယောက်အနေနဲ့ လာပြီးတော့မှ ပါဝင်ခြင်းဖြစ်တယ်။ နံပတ် ၂ အချက်အနေနဲ့ ဒီလိုအခမ်းအနားမျိုးက ၄ နှစ်မှ ၁ ကြိမ် ပြုလုပ်တယ်၊ ကြုံတောင့်ကြုံခဲလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်အတွေ့အကြုံလေးလည်းရအောင်လို့ ပါဝင်ရခြင်းဖြစ်ပါတယ်။နောက်တခုကတော့ Trump ကိုထောက်ခံတဲ့သူတွေရှိသလို၊ Trump ကို မထောက်ခံတဲ့သူတွေရှိတယ်။ ဆိုတော့ ဒီလူတွေရဲ့အမြင် ဒီလူတွေရဲ့ ပါဝင်မှုက ဘယ်လိုမျိုးရှိမလဲ ဆိုတဲ့ဟာက အင်မတန်မှ စိတ်ဝင်စားစရာကောင်းပါတယ်လို့ ။ ဒါကြောင့် အဲဒါတွေလည်း လေ့လာရင်းနဲ့ ကြည့်ရှု့ဖို့ရန်အတွက် ပါဝင်ခြင်းဖြစ်ပါတယ်။”

သမ္မတကျမ်းကျိန်ပွဲပြီးရင် လွှတ်တော်အဆောက်အဦးကနေ အိမ်ဖြူတော်ဆီသွားတဲ့ Pennsylvania Avenue လမ်းမကြီးတလျှောက် စီတန်းချီတက်ပွဲတွေလည်းရှိပါတယ်။ စနေနေ့မနက်ပိုင်းကျရင်တော့ သမ္မတသစ်ဟာ Washington National Cathedral ဘုရာရှိခိုးကျောင်းကြီးမှာ ဘာသာပေါင်းစုံဝတ်ပြုဆုတောင်းပွဲကို တက်ရောက်ပြီးရင် အခမ်းအနားတွေလည်း အဆုံးသတ်မှာဖြစ်ပါတယ်။ သမ္မတကျမ်းသစ္စာကျန်ဆိုပွဲအပါအဝင် သမ္မတသစ်တက်ပွဲ အခမ်းအနားတွေအတွက် ပြင်ဆင်စရိတ်၊ လုံခြုံရေးစရိတ် စုစုပေါင်း ဒေါ်လာသန်း ၁၀၀ ထက်မနည်းရှိမယ်လို့ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG