သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လန်ဒန် Oxford Circus မြေအောက်ဘူတာ လူအုပ် ထိတ်လန့်မှုဖြစ်


လန်ဒန် Oxford Circus မြေအောက်ဘူတာ ထိတ်လန့်မှုဖြစ် (နိုဝင်ဘာ ၂၄-၂၀၁၇)
လန်ဒန် Oxford Circus မြေအောက်ဘူတာ ထိတ်လန့်မှုဖြစ် (နိုဝင်ဘာ ၂၄-၂၀၁၇)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ လူစည်ကားတဲ့ မြို့လယ်ကောင်နားက မြေအောက်ရထား ဘူတာရုံတခုမှာ သောကြာနေ့က သေနတ်ပစ်ခတ်သံတွေ ကြားရတယ်ဆိုပြီး လူတွေ စုပြုံပြီး ဘူတာရုံအပြင်ဘက် လွတ်ရာကို ထွက်ပြေးခဲ့ကြပါတယ်။

အခုလိုမတော်မဆ ဖြစ်ရပ်ကြောင့် လူတွေ ထိခိုက် ဒဏ်ရာ ရတာမျိုးမရှိခဲ့ဘူးလို့ စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီးနောက် လန်ဒန်ရဲအာဏာပိုင်တွေက ပြောပါတယ်။ ဖြစ်ရပ် အစပိုင်းမှာ အကြမ်းဖက်မှုနဲ့ ပတ်သက်နိုင်တယ်လို့ ရဲဘက်က ပြောခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သံသယဖြစ်ဖွယ်အကြမ်းဖက်သမားတွေရဲ့ လက်ချက်ဆိုတာမျိုး မတွေ့ရသလို၊ သေနတ်ပစ်ခဲ့တယ်ဆိုတဲ့ အထောက်အထား ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရတာမျိုး လည်း မတွေ့ရဘူးလို့ လန်ဒန်ရဲက ပြောပါတယ်။

လူအများ စိုးရိမ်ထိတ်လန့်ခဲ့တဲ့ လန်ဒန်မြို့ရဲ့ အစည်းကားဆုံးနေရာနားက Oxford Circus မြေအောက်ဘူတာရုံမှာတော့ ဗြိတိန် မီးရထားရဲတပ်ဖွဲ့နဲ့အတူ လက်နက်ကိုင်ထားတာရော၊ လက်နက်မကိုင်ထားတဲ့ အာဏာပိုင်တွေ စောင့်ကြပ်နေပါတယ်။ ဘူတာရုံကထွက်လာတဲ့ အမျိုးသမီးတဦးတော့ ဒဏ်ရာအနည်းငယ်ရခဲ့တယ်လို့ မီးရထားရဲက ပြောပါတယ်။

ဆိုရှယ်မီဒီယာတွေမှာ တက်လာတဲ့ ဗီဒီယိုမှတ်တမ်းတွေအရ ဘူတာရုံတဝိုက် လူတွေ ထွက်ခွာပြေးလွှားနေကြတာတွေကို တွေ့ မြင်ခဲ့ရပါတယ်။

ဗြိတိန် မီးရထားရဲ ဘက်က သတင်းထုတ်ပြန်ချက်မှာတော့ မြေအောက်ဘူတာရုံ ပလက်ဖောင်းမှာ သေနတ်ပစ်ခတ်သံကြားရတယ်ဆိုတဲ့ သတင်းထွက်လာပြီးနောက် ရဲအာဏာပိုင်တွေလာဖို့ ဖုန်းဆက်ခေါ်ကြတယ်လို့ဆိုပါတယ်။

ရထားစီးသူတွေဟာ မြေအောက်ဘူတာရုံကနေ လမ်းမပေါ်ကို သူတို့ဘာသာသူတို့ ထွက်ပြေးခဲ့ကြတဲ့အတွက် လူအများရဲ့ ကြောက်ရွံထိတ်လန့်မှု အမြင့်ဆုံးရောက်ခဲ့ပြီး သေနတ် ပစ်ခတ်မှုတွေဖြစ်နေတယ် ဆိုတဲ့သတင်းတွေကို ရဲဌာနတွေဆီဖုန်းဆက်ပြောဆိုမှု အများအပြားရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ရဲဘက်က ဆက်လက်စုံစမ်းမှုတွေလုပ်နေပြီး Oxford Circus ဘူတာရုံကို အမြန်ဆုံး ပြန်ဖွင့်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ အဲဒီဘူတာရုံဟာ လန်ဒန်မြို့လယ် နာမည်ကြီး အဝတ်အထည်၊ ကုန်ပစ္စည်းဆိုင်တွေရှိနေတဲ့ လူထူထပ်ပြီး အသွားအလာအများဆုံးနေရာတခုဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG