ဗြိတိန် နိုင်ငံမှာ စနေနေ့က ၇ ဦး သေဆုံးပြီး လူ ၅၀ လောက် ဒဏ်ရာရခဲ့တဲ့ လန်ဒန်တံတားနဲ့ Borough ဈေး အတိုက်ခိုက် ခံရမှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ အမြန်လုပ်ဆောင်နေပြီး တနင်္ဂနွေနေ့ မနက်ပိုင်းက လန်ဒန် အရှေ့ပိုင်း မှာ ဝင်ရောက်စီးနင်းမှုတွေကနေ လူပေါင်း ၁၂ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ အရာရှိတွေက ပြောပါတယ်။ အိုင်အက်စ် စစ်သွေးကြွ အဖွဲ့ကတော့ ဒီတိုက်ခိုက်မှုကို သူတို့ လုပ်ဆောင်တာ ဖြစ်ကြောင်း သူတို့ရဲ့ Amaaq သတင်း ဝက်ဘ်ဆိုက်မှာ ဖေါ်ပြထားပါတယ်။
စနေနေ့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်ခြိမ်းခြောက်မှု အန္တရာယ် အဆင့်ကိုပြန်မတိုးပဲ ဒုတိယ အဆင့်ဖြစ်တဲ့ Severe အဆင့်မှာပဲ ဆက်လက် ထားရှိပါတယ်။
လန်ဒန် တံတားပေါ်က လူသွားလမ်းမှာ အလုံပိတ် Van ကားတစီးက လမ်းပေါ်က လူတွေကို ဝင်တိုက်ခဲ့ပြီး ကားပေါ်ပါသူတွေက တံတားနားက ဈေးထဲမှာ တွေ့တဲ့ လူကို ဓါးနဲ့ လိုက်ထိုးခဲ့တာ ဖြစ်ပါတယ်။ အခင်းဖြစ်ပွါးမှုကြောင့် လူ ၇ ဦး သေဆုံးခဲ့ရပြီး ၄၈ ဦး ဒဏ်ရာရခဲ့တယ်လို့ လန်ဒန်ရဲ ကပြောပါတယ်။
တိုက်ခိုက်ခဲ့သူ ၃ ဦးစလုံးကို ရဲတွေက ပစ်သတ်ခဲ့တာ ဖြစ်ပြီး သူတို့ဟာ နောက်ကွယ်က ကြိုးကိုင်သူမရှိကြောင်း ရဲတွေက ယုံကြည်တဲ့ အတွက် အကြမ်းဖက်အန္တရာယ် ခြိမ်းခြောက်မှု အဆင့်ကို အမြင့်ဆုံး ဖြစ်တဲ့ Critical အဆင့်ကို မတိုးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီး Amber Rudd က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
မေလ ၂၂ ရက်နေ့က Manchester အားကစားရုံမှာ အမေရိကန် အဆိုတော် Ariana Grande ရဲ့ ဂီတ ဖျော်ဖြေမှု အပြီး အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် ရှာဖွေစုံစမ်းမှုတွေ လုပ်နေစဉ်အတွင်း ဗြိတိန်နိုင်ငံမှာ တပတ်ကြာ လုံခြုံရေး အဆင့် အမြင့်ဆုံး ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။
ဗြိတိန် ဝန်ကြီးချုပ် Theresa May က လန်ဒန်တံတားနဲ့ Borough ဈေး တိုက်ခိုက်မှု အပါအဝင် ပြီးခဲ့တဲ့ သုံးလအတွင်း ဗြိတိန်နိုင်ငံမှာ အကြမ်းဖက် ဝါဒစွဲ တိုက်ခိုက်မှု သုံးကြိမ်ဖြစ်ခဲ့တာဟာ အစ္စလန်အစွန်းရောက် မကောင်းဆိုးရွား အတွေးအခေါ်ကနေ ပေါက်ဖွားလာတာလို့ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။
နိုင်ငံတွင်းမှာ အကြမ်းဖက်ဝါဒကို လက်သင့်ခံမှာ မဟုတ်တဲ့အတွက် လူထု ဝန်ဆောင်မှုအပြင် လူမှုအသိုင်းအဝိုင်း တခုလုံးမှာပါ အစွန်းရောက် ဝါဒကို ဖော်ထုတ် ချေမှုန်းဖို့ လိုအပ်ကြောင်းနဲ့ ဒါတွေ ဆက်ရှိဖို့ မလိုတော့ကြောင်းလည်း ပြောပါတယ်။
စနေနေ့ တိုက်ခိုက်မှုဟာ Manchester က လူ ၂၂ ဦး သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုနဲ့ရော မတ်လ Westminster တံတားပေါ်က တိုက်ခိုက်မှုနဲ့ပါ ဆက်စပ်မှု ရှိပုံမရဘူးလို့လည်း ဝန်ကြီးချုပ် May ကပြောပါတယ်။
ဒါပေမယ့် အကြမ်းဖက်ဝါဒကနေ အကြမ်းဖက်ဝါဒကို မွေးဖွားပေးတာမို့ တယောက်လုပ်နည်းကို နောက်တယောက်က ပုံတူ ကူးချနေတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။