သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဏိပူရပြည်နယ်မှာ အိန္ဒိယစစ်ယာဉ်တန်း ခြုံခိုတိုက်ခိုက်ခံရပြီး ဗိုလ်မှူးကြီးတဦး ကျဆုံး


အိန္ဒိယအရှေ့မြောက်ဘက် မဏိပူရပြည်နယ်နေရာပြမြေပုံ။
အိန္ဒိယအရှေ့မြောက်ဘက် မဏိပူရပြည်နယ်နေရာပြမြေပုံ။

(Zawgyi / Unicode)

အိန္ဒိယအရှေ့မြောက်ဘက် မဏိပူရပြည်နယ်မှာ ပြီးခဲ့တဲ့ စနေနေ့က စစ်ယာဉ်တန်း အတိုက်ခံရပြီး ဗိုလ်မှူးကြီးတဦးအပြင် သူ့ဇနီးနဲ့ သားဖြစ်သူ အပါအဝင် တပ်သား ၄ ဦး သေဆုံးခဲ့ရတာမို့ အဲဒီဒေသမှာ ဆယ်စုနှစ်တွေနဲ့ချီ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် တော်လှန်မှုတွေ ပြန်စလာမလားဆိုတဲ့ စိုးရိမ်မှုတွေ တိုးပွားလာနေပါတယ်။

ဗိုလ်မှူးကြီး Viplav Tripathi ဟာ သူထိန်းချုပ်ရတဲ့ အာသံရိုင်ဖယ်တပ် တတပ်ကို စစ်ဆေးပြီး အခြေစိုက်စခန်းကို ပြန်အလာ လမ်းမှာ အခုလို အတိုက်ခိုက်ခံခဲ့ရတာပါ။ သူ့စစ်ယာဉ်တန်းကို ပထမ ဖောက်ခွဲခဲ့ပြီးနောက်မှ လမ်းဘေးတဖက်တချက်ကနေ သေနတ်တွေနဲ့ ပစ်ခတ်တာဖြစ်ကြောင်း ရဲက ပြောပါတယ်။

အာသံရိုင်ဖယ်တပ်ဟာ အိန္ဒိယနိုင်ငံမှာ သက်တမ်းအရှည်ဆုံး ပြည်သူ့စစ်တပ်ဖွဲ့တခုဖြစ်ပြီး အိန္ဒိယစစ်တပ်အောက်မှာ လှုပ်ရှားနေတဲ့ တပ်ဖွဲ့လည်း ဖြစ်ပါတယ်။

မဏိပူရပြည်နယ်မြို့တော် အင်ဖားနဲ့ ကီလို ၁၀၀ ကျော်လောက်ဝေးတဲ့ မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်နားက Churachandpur ဒေသ ရွာတရွာနားမှာ ဒေသစံတော်ချိန် မနက် ၁၀ နာရီလောက်က အခင်းဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီ ခြုံခိုတိုက်ခိုက်မှုကြောင့် အာသံရိုင်ဖယ်တပ်က အနည်းဆုံး တပ်သား ၅ ဦးလောက်လည်း ဒဏ်ရာတွေရခဲ့တယ်လို့ ဆိုပါတယ်။

ဒီခြုံခိုတိုက်ခိုက်မှုမှာ ဘယ်သူပုန်အုပ်စုတွေ ပါဝင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ သတင်းအရင်းမြစ်တခုက ဗွီအိုအေကို ပြောပါတယ်။

အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကတော့ ကျဆုံးသွားတဲ့ စစ်သည်နဲ့ မိသားစုတွေအတွက် သူ့ရဲ့ တွစ်တာ လူမှုမီဒီယာမှတဆင့် ဂါရဝပြုခဲ့ပြီး ဒီလို ပေးဆပ်ရမှုအတွက် ဘယ်တော့မှ မမေ့ဘူးလို့ရေးသားဖော်ပြထားပါတယ်။

မဏိပူဒေသမှာ လက်နက်ကိုင် သူပုန်အဖွဲ့ ၂ ဒါဇင်လောက် လှုပ်ရှားနေတာဖြစ်ပြီး တချို့သူပုန်တွေဟာ မြန်မာပြည်ဘက်အခြမ်းက တောတွေမှာ သင်တန်းနဲ့ အခြေစိုက်စခန်းတွေ ထားရှိပြီး မြန်မာအခြေစိုက် သူပုန်အုပ်စုတွေနဲ့လည်း ချိတ်ဆက်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)









XS
SM
MD
LG