သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမီးလောင်မှု ကျောင်းသား ၂၀ သေဆုံး


အိန္ဒိယနိုင်ငံမှာ Gujfrat ပြည်နယ်မှာ အဆောက်အအုံတခု မနေ့က မီးလောင်ခဲ့တာကြောင့် ကျူရှင်လာတက်နေကြတဲ့ အသက် ၂၀ ဝန်းကျင် ကျောင်းသူကျောင်းသား ၂၀ ထက်မနည်း သေဆုံးခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့ လူ ၃ ဦးကို ဖမ်းဆီးထားတယ်လို့ အိန္ဒိယရဲတို့က ဒီကနေ့ပြောပါတယ်။

ဖမ်းထားတဲ့လူ ၃ ဦးထဲက တဦးဟာ ကျူရှင်ဖွင့်နေတဲ့သူ ဖြစ်တယ်လို့ Surat မြို့ရဲကော်မရှင်နာမင်းကြီး Satish Sharma က သတင်းထောက်တွေကိုပြောပါတယ်။

သူတို့ကိုတော့ စွဲချက်မတင်ရသေးပါဘူး။ မီးလောင်မှုဖြစ်ပွါးရတဲ့ အကြောင်းရင်းအပြင် ကျောင်းတွေ ကောလိပ်တွေ နဲ့ ကျူရှင်ခန်းတွေမှာ တပ်ဆင်ထားတဲ့ မီးဘေးလုံခြုံရေး Gujarat ပြည်နယ်အစိုးရက စုံစမ်းစစ်ဆေးနေပါတယ်။ မီးလောင်တဲ့နေရာကို မီးသတ်သမားတွေ ချက်ချင်းရောက်မလာဘူးလို့ မျက်မြင်သက်သေတွေနဲ့ မီးလောင်သေဆုံးခဲ့ရတဲ့ ကျောင်းသားတွေရဲ့ မိသားစုတွေကို ကိုးကားပြီး ANI သတင်းဌာနက ပြောပါတယ်။

မီးလောင်တဲ့ အဆောက်အအုံထဲ ပိတ်မိခဲ့ပြီး အသက်မသေကျန်ရစ်တဲ့ ကျောင်းသူတဦးရဲ့ အဖေကလည်း မီးလောင်ပြီး ၄၅ မိနစ်ကြာမှာ မီးသတ်ကားတွေ ရောက်လာတယ်လု့ိပြောပါတယ်။

ကနဦး စုံစမ်းစစ်ဆေးမှုအရ အထပ်မြင့် အဆာက်အအုံ လှေကားကနေ ဝါယာရှော့ဖြစ်ပြီး မီးစတင် လောင်ကျွမ်းခဲ့တာလို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က မှတ်ချက်ပေးပြောဆိုတာတော့ မရှိသေးပါဘူး။ မီးလောင်တဲ့အချိန်က အဲဒီအဆောက်အအုံထဲကမှာ ကျောင်းသူကျောင်းသား ၅၀ ထက်မနည်း ကျူရှင်တက်နေကြတာပါ။

မီးဘေးကနေလွတ်ဖို့ အဆောက်အအုံ ပြတင်းပေါက်ကနေ ကျောင်းသားတွေ ခုန်ချ ကြတာကိုလည်း ရုပ်မြင်သံကြား ပုံရိပ်တွေမှာ တွေ့ရပါတယ်။ ထိခိုက်ဒဏ်ရာရသွားကြသူတွေကိုလည်း ဆေးရုံကို ပို့ထားပါတယ်။

အဲဒီအဆောက်အအုံမှာ မီးသတ်ဗူးတွေလည်း မရှိသလို အရေးပေါ်ထွက်ပေါက်တွေလည်း တပ်မထားဘူးလို့ မီးသတ်ဌာန အရာရှိတဦးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG