သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟောင်း Sushma Swaraj (အသက် ၆၇) ကွယ်လွန်


အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟောင်း Sushma Swaraj

အိန္ဒိယနိုင်ငံရဲ့ လက်ရှိအာဏာရ Bharatiya Janata ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Sushma Swaraj ဟာ အင်္ဂါနေ့က နယူးဒေလီက ဆေးရုံတခုမှာ ကွယ်လွန်သွားပါပြီ။ အသက် ၆၇ နှစ်အရွယ် Ms. Swaraj ဟာ နှလုံးဖေါက်တာကြောင့် အိန္ဒိယ နိုင်ငံလုံးဆိုင်ရာ ဆေးသိပ္ပံဌာနက ဆေးရုံကို အရေးပေါ်တင်ခဲ့ရတယ်လို့ အိန္ဒိယ သတင်းတွေက ဖေါ်ပြပါတယ်။

သူဟာ ဝန်ကြီးချုပ် Narendra Modi ရဲ့ ကက်ဘိနက်အဖွဲ့မှာ ၂၀၁၄ ကနေ ၂၀၁၉ မေလ အထိ အိန္ဒိယ ပြည်ပရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

Ms. Swaraj ဟာ ပြည်ပရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကာလမှာပဲ ကျောက်ကပ် အစားထိုး ကုသမှု ခံယူခဲ့ရတဲ့အတွက် ဒီနှစ် အထွေထွေ ရွေးကောက်ပွဲမှာ သူပါဝင်ယှဉ်ပြိုင်မှု မလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူဟာ ၁၉၉၀ နှစ်တွေအတွင်း ဒေလီမြို့ ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းမှာ အမျိုးသားနိုင်ငံရေးအတွက် လှုပ်ရှားခဲ့သလို သတင်းနဲ့ ပြန်ကြားရေးဌာန ဝန်ကြီး၊ လွှတ်တော်ရေးရာဝန်ကြီး နဲ့ ကျန်းမာရေး ဝန်ကြီး တာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ မနှစ်က မေလထဲမှာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေး ၀န်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တဲ့အပြင်

နှစ်နိုင်ငံကြား သတ်မှတ်ထားတဲ့ နယ်စပ် ၀င်ပေါက်တွေကနေ နှစ်ဘက်နိုင်ငံသားတွေ သွားလာခွင့်သတ်မှတ်ဗီဇာ တနှစ် သက်တမ်းအထိ တရားဝင် နေထိုင်ခွင့်ပြုတဲ့ သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ ဒါ့အပြင် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ ပုဂံစေတီပုထိုး ထိန်းသိမ်းကာကွယ်ရေး ဆိုင်ရာ ၂ ဖက် နားလည်မှု စာချွန်လွှာကိုလည်း လက်မှတ် ရေးထိုးခဲ့တာပါ။

သူကွယ်လွန်ချိန်မှာ မီဇီုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်တဲ့ ခင်ပွန်းဖြစ်သူ Swaraj Kaushal နဲ့ သမီးဖြစ်သူ Bansuri တို့ ကျန်ရစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG