သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်ကုန်သွယ်ရေးတံတား ယာဉ်ဖြတ်သန်းမှု အိန္ဒိယပိတ်ပင်


မြန်မာ- အိန္ဒိယ နယ်စပ်
မြန်မာ- အိန္ဒိယ နယ်စပ်

မြန်မာနဲ့အိန္ဒိယနိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးအဆင်ပြေချောမွေ့ဖို့ မကြာခင်က မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ အိန္ဒိယ ပြည်ပရေးရာဝန်ကြီး Sushma Swaraj နဲ့နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က သဘောတူစာချုပ်တွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒါပေမဲ့အခုလတ်တလော အိန္ဒိယ မြန်မာနယ်စပ် ချင်းပြည်နယ် ရိခေါဒါရ် အမှတ်(၂)ကုန်သွယ်ရေးဂိတ်လမ်းကြောင်းကို အိန္ဒိယနိုင်ငံဘက်ကနေ နယ်စပ်တံတား အပေါ်ယာဉ်သွားလာခွင့်ပိတ်ပင်လိုက်တာကြောင့် ဒေသတွင်းခရီးသွားလာမှု၊ နှစ်နိုင်ငံကုန်စည် စီးဆင်းမှု နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ပွါးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်း ထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံအကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စနဲ့ပက်သက်လို့ဒီလ(၁၁)ရက်နေ့ မှာ မြန်မာနိုင်ငံကိုရောက်နေတဲ့ အိန္ဒိယ ပြည်ပရေးရာဝန်ကြီး Sushma Swaraj နဲ့နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံဆွေးနွေးခဲ့ ရာမှာ နှစ်နိုင်ငံနယ်စပ်တမူး-မိုရေးနဲ့ မြန်မာဘက်က ရိခေါဒါရ်၊ အိန္ဒိယဘက်က ဇိုခေါသာ စတဲ့ နယ်စပ် ဝင်ပေါက်တွေကနေနှစ်ဘက်နိုင်ငံသားတွေ ဖြတ်သန်း သွားလာပြီး သတ် မှတ်ဗီဇာ တနှစ်သက်တမ်းအထိ တရားဝင် နေထိုင်ခွင့်ပြုတဲ့ သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြ ပါတယ်။

ဒါပေမဲ့ အခုလတ်တလော ချင်းပြည်နယ် ရိခေါဒါရ်မြို့ အိန္ဒိယ-မြန်မာ အမှတ်(၂) နယ်စပ်ကုန်သွယ်ရေး တံတား အပေါ် ယာဉ်ဖြတ်သန်းသွားလာခွင့်ကို အိန္ဒိယဘက်က ယာယီပိတ်ပင်ထားတယ် လို့ ရိခေါဒါရ်မြို့ ပြန်ကြား ရေးတာဝန်ခံ ဦးလာလ်ပက်လောမ် က VOAကိုအခုလိုပြောပါတယ်။

"ကားတွေပေါ့နော်။ ကားတွေဖြတ်သန်းခွင့်ကိုပိတ်ပင်တာပါ။ အိန္ဒိယဘက်ကမ်းကစစ်တပ်ပေါ့။အာသံရိုင်ဖယ်က ပိတ်တာဖြစ်တယ်။ ဘာအကြောင်းပြချက်ရှိပြီးတော့ပိတ်တာကျတော့ ကျွန်တော်တို့လဲမသိရသေးဘူးဗျ။"

အိန္ဒိယနိုင်ငံအာသံရိုင်ဖယ်တပ်ကနေ မေလ ၂၁ ရက်နေ့ကစပြီး ယာယီပိတ်ပင်ထားတာပါ။ ဘာကြောင့် ပိတ်ပင်ရသလဲဆိုတာ သဲသဲကွဲကွဲမသိရသေးဘူးလို့ နယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံတွေကပြော ပါတယ်။

နယ်စပ်တံတားအပေါ် ကားဖြတ်သန်းခွင့်မပြုတဲ့အတွက် နှစ်နိုင်ငံကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေတယ်လို့ ဦးလာလ်ပက်လောမ် က ပြောပါတယ်။

"ကုန်ပစ္စည်းဆိုလဲ လူအားနဲ့ထမ်းတာပေါ့နော် ပို့ဆောင်တာပေါ့။ ကားတွေကျတော့ပိတ်တယ်။ ခြင်းတွန်းလှည်းတွေ ဒေသလှည်းတွေနဲ့တော့ပို့ခိုင်းတယ်။ ကုန်စည်စီးဆင်းမှုတော့နှောက်နှေးကြန့်ကြာသွားတာပေါ့။ အဓိကကုန်သည် တွေဆိုရင်ဒုက္ခရောက်တာပေါ့။"

အိန္ဒိယ-မြန်မာ အမှတ်(၂) နယ်စပ်ကုန်သွယ်ရေးတံတားပေါ် ယာဉ်ဖြတ်သန်းခွင့်ပိတ်ပင်ထားပေမဲ့လဲကုန်သွယ်မှု လျော့သွားတာမရှိဘူးလို့ ကုန်သွယ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး အမှတ်(၂) နယ်စပ်ကုန်သွယ် ရေး စခန်းတာဝန်ခံ ဦးစံဖြိုးဝေကပြောပါတယ်။

"လက်ရှိအခြေအနေကတော့ဗျာ။ ကျွန်တော်တို့နိုင်ငံက ပို့တဲ့ပိုကုန်ပစ္စည်းတွေပေါ့။ တွန်းလှည်းကြီးတွေနဲ့တွန်းပြီးပို့ နေ တယ်လေ။ သွင်းတဲ့ပစ္စည်းတွေကလဲ လူအထမ်းနဲ့ဘဲထမ်းပြီးပို့တယ်။ သိပ်တော့မထူးပါဘူး။ ဟိုရောက်လဲ ကား နဲ့ သွားလဲကားချိန်းရတာဘဲလေ။ ဒီတံတာလေးကို ထမ်းတာတခုပါဘဲ။ ပုံမှန်ကုန်သွယ်မှုက မလျော့သွားနိုင်ဘူး။ ဘာမှမဖြစ်ဘူး။"

ချင်းပြည်နယ် ရိခေါဒါရ်မြို့မှာ ထင်ရှားတဲ့ရိရေကန်တည်ရှိနေတဲ့အတွက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကခရီးသွား တွေလေ့လာရေးအပန်းဖြေလုပ်ငန်းတွင်ကျယ်နေပါတယ်။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပိတ်ပင်လာတဲ့အခြေအနေကြောင့် ရိဒ်ရေကန်ကိုလာရောက်လေ့လာသူတွေ နဲသွားတယ်လို့ပြန်ကြားရေးတာဝန်ခံ ဦးလာလ်ပက် လောမ် က အခုလိုပြောပါတယ်

"အပန်းဖြေလာကြတဲ့သူတွေဆိုရင် အိန္ဒိယဘက်ကမီဇိုရမ်ပြည်နယ်သူ ပြည်နယ်သားတွေပေါ့နော် အများဆုံးဖြစ် တယ်။ ခါတိုင်းမှာဆိုရင်သူတို့ကိုယ်ပိုင်ကား အငှါးယာဉ်တွေက ရိဒ်ရေကန်အထိခွင့်ပြုထားတယ်။ သွားလို့ရတယ်။ ဒါပေမဲ့အခုတံတားဖြတ်ကျော်ခွင့် ပိတ်ပင်ထားတဲ့အခါကျတော့သွားလာမှုကခက်ခဲနေတော့တာလေ။ ရိဒ်ရေ ကန်ကြည့်တဲ့သူကသိသိသာသာ နဲသွားတာပေါ့။"

နယ်စပ်တံတားအပေါ် ကားဖြတ်သန်းခွင့်မပြုတဲ့အတွက် မြန်မာနိုင်ငံဖက်အဓိက ပို့ကုန်ဖြစ်တဲ့ ကွမ်းသီးတင်ပို့ မှု ရပ်နားနေရပြီး အိန္ဒိယသွင်းကုန်ဖြစ်တဲ့ ဓါတ်မြေသြဇာတင်ပို့မှုကိုတော့ တွန်းလှည်း လူလုပ်အားနဲ့ ပို့ဆောင် နေရတာကြောင့် ကုန်သွယ်မှုကြန့်ကြာပြီး သိုလှောင်မှုအခက်ခဲရှိနေတယ်လို့ကုန်သည်အသိုင်းဝိုင်းတွေက ဆို ပါတယ်။

မနှစ်တုန်းက ဧပြီလမှာလဲ အလုပ်သမားအချင်းချင်းဖြစ်ပါွးတဲ့ပြဿနာကြောင့် အမှတ်(၂) နယ်စပ်ကုန်သွယ် ရေးစခန်းယာယီပိတ်ပင်ထားရပါသေးတယ်။ ချင်းပြည်နယ် ရိခေါဒါရ်မြို့ အိန္ဒိယ-မြန်မာ အမှတ်(၂) နယ်စပ် ကုန်သွယ်ရေးစခန်းမှာဆိုရင် တနှစ်ကိုပို့ကုန်သွင်းကုန်ပမာဏဒေါ်လာသန်း(၄၀)ကျော်ရှိ နေတယ်လို့ နယ်စပ် ကုန်သွယ်ရေး စခန်းတာဝန်ခံက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG