မြန်မာနိုင်ငံမှာရောက်နေတဲ့ အိန္ဒိယ ပြည်ပရေးရာဝန်ကြီး Sushma Swaraj ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေး ၀န်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့မနက်ပိုင်းမှာ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရခိုင်ပြည်နယ်တွင်းကနေ ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လည်လက်ခံရေး ဆောင်ရွက်ရာမှာ အိန္ဒိယနိုင်ငံအနေနဲ့ ပါဝင်ကူညီဖို့ ကိစ္စတွေကိုလည်း ဆွေးနွေး ခဲ့တဲ့အကြောင်း မြန်မာနိုင်ငံခြားရေးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ တွေ့ဆုံမှုအပြီးမှာ ကျင်းပတဲ့ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကိုလည်း ၀န်ကြီး Swaraj နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက် ခဲ့ကြပါတယ်။ နှစ်နိုင်ငံကြား သတ်မှတ်ထားတဲ့ တမူး-မိုရေးနဲ့ မြန်မာဘက်က ရိခေါဒါရ်၊ အိန္ဒိယဘက်က ဇိုခေါသာ စတဲ့ နယ်စပ် ၀င်ပေါက်တွေကနေ နှစ်ဘက်နိုင်ငံသားတွေ ဖြတ်သန်း သွားလာပြီး သတ်မှတ်ဗီဇာ တနှစ် သက်တမ်းအထိ တရားဝင် နေထိုင်ခွင့်ပြုတဲ့ သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြသလို၊ ပုဂံဒေသမှာ ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးခဲ့တဲ့ စေတီပုထိုးတွေ ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားဖို့ နားလည်မှု စာချွန်လွှာကိုလည်း နှစ်ဘက် တာဝန်ရှိသူတွေ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။
ဒီကနေ့ တွေ့ဆုံပွဲကို မြန်မာဘက်က အစိုးရ ၀န်ကြီးအဖွဲ့တွေအပြင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Shri Vikram Misri နှင့် အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
ဝန်ကြီး Swaraj ဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း ဒီကနေ့ နေ့လည်ပိုင်းက တွေ့ဆုံခဲ့ပါတယ်။