သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်စခန်း မြန်မာတာဝန်ရှိသူ ပထမဆုံးအကြိမ်သွားရောက်မည်


Bangladesh ဘက်က ရိုဟင်ဂျာဒုက္ခသည်စခန်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းကို မြန်မာအစိုးရဖက်က ပထမဆုံးအကြိမ်အဖြစ် အခု ဧပြီလထဲ ပြည်ထောင်စုဝန်ကြီးတဦး ဦးဆောင်ပြီး သွားရောက်ဖို့ရှိနေပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ မြန်မာဖက်က ဆောင်ရွက်နေမှုတွေကို ရှင်းလင်းနိုင်ဖို့ သွားရောက်မှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ မေးမြန်းစုံစမ်းသိရှိထားတာတွေကို ကိုသားညွန့်ဦးက ပြောပြမှာပါ။

ဘင်္ဂလားဒေ့ရှ်ဖက်မှာရှိတဲ့ မွတ်ဆလင်ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအတွက် အခြေခံမူဘောင်တွေကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့ သဘောတူထားပြီးဖြစ်ပေမယ့်၊ အခြေအနေအချို့ကြောင့် ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးဟာ ကြန့်ကြာနေတုန်းပါ။ အဓိကအချက်ကတော့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်မယ့် အခြေအနေကောင်းတွေနဲ့ တည်ငြိမ်အေးချမ်းမှုတွေ ရှိဖို့ဖြစ်တယ်လို့ ဒုက္ခသည်တွေရော ဒုက္ခသည်ကူညီရေးနိုင်ငံတကာအဖွဲ့တွေကပါ ထောက်ပြလျှက်ရှိပါတယ်။ ဒုက္ခသည်တွေ မြန်မာနိုင်ငံမှာ နေရာချထားရေးအစီအစဉ်တွေ ဖြစ်နိုင်သမျှ မြန်ဆန်ဖို့အတွက် မြန်မာအစိုးရကို တတ်နိုင်သလောက် အကူအညီတွေ ပေးသွားမှာဖြစ်တယ်လို့ ရုရှားနိုင်ငံကိုရောက်နေတဲ့ ဘင်္ဂလားဒေ့်ရှ်နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့အတူလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာအစိုးရတာဝန်ရှိသူတဦး မကြာခင်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းကို လာရောက်ဖို့ ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Abul Hassan Mahmood Al က အခုလို ပြောသွားပါတယ်။

“ မြန်မာအစိုးရ၀န်ကြီးတဦးဖြစ်တဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန ၀န်ကြီးဟာ အခုလာမယ့် ဧပြီ ၁၁ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လာရောက်မယ်လို့ ကျနော် ဒီကိုမလာခင် ရက်ပိုင်းကပဲ မြန်မာအစိုးရဖက်က ကျနော်တို့ကို အကြောင်းကြားလာပါတယ်။ ဘင်္ဂလားဒေ့ရ်နိုင်ငံ အရှေ့တောင်ဖက်ခြမ်း ကော့ဇက်ဘဇားမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းကိုလည်း သူ့ခရီးစဉ်အတွင်း သွားရောက်ဖို့ရှိပါတယ်။ ဒီခရီးစဉ်ကို ကျနော်တို့အနေနဲ့ ၀မ်းမြောက်စွာ ကြိုဆိုပါတယ်။ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေအတိုင်း ဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ်အတွက် ရုရှားနိုင်ငံနဲ့ အတူတကွ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးကိုလည်း ကျနော် မေတ္တာရပ်ခံပါတယ်။”

ဧပြီလ ၁၁ ရက်နေ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံ သွားရောက်မယ်ဆိုတာကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အတည်ပြုပါတယ်။ သူတို့အနေနဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်လိုပြီး၊ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေရဲ့ စီစဉ်ပေးမှုအပေါ် မူတည်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။ သွားမယ့် အဓိက ကိစ္စကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးဆောင်ရွက်ချက်တွေကို ရှင်းလင်းလိုတာလို့ ဆိုပါတယ်။

"အရင်တခေါက်တုန်းကလည်း ဗိုလ်ချုပ်ကြီး ကျော်ဆွေသွားထားတယ်လေ။ ကျနော်တို့ ပြန်လည်လက်ခံရေးတို့ repatriation နဲ့ ပတ်သက်ရင် ကျနော်တို့လည်း တာဝန်ရှိတဲ့ အထဲမှာ ပါတဲ့အတွက်ကြောင့် ကျနော်တို့ ဒီကိစ္စကို ညှိနှိုင်းစရာတွေ ရှိတဲ့အတွက်ကြောင့် သွားတယ်ပေါ့နော်။ နံပတ် ၂ ကတော့ အဲဒီဘက်က အမှန်အတိုင်း ဒီဘက်မှာဖြစ်ခဲ့တဲ့ အဖြစ်အမှန်တွေရှိရဲလားပေါနော့် ကျနော်တို့ ဆောင်ရွက်နေတဲ့ ကိစ္စတွေ အဲဒါပါ။ နောက်ဒီမှာ တကယ်လုပ်နေတဲ့ အလုပ်တွေကို ဟိုဘက်ကလူတွေက မသိဘူး။ ဟိုဘက်ကလူတွေက မသိပဲနဲ့ ဖြစ်နေသလားပေါ့နော်။ အဲဒါမျိုးတွေပေါ့နော် ဟိုဘက်ကဆိုတာက အာဏာပိုင်တွေဘက်က မဟုတ်ဘူး။ ထွက်သွားတဲ့လူတွေ။"

ဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ်အတွက် ဒုက္ခသည်များဆိုင်ရာကုလသမဂ္ဂမဟာမင်းကြီးရုံးနဲ့ ကုလသမဂ္ဂဖွံဖြိုးရေးအစီအစဉ်တို့ရဲ့ အကူအညီရယူဖို့ကိစ္စ မြန်မာဖက်က ညှိုနှိုင်းနေတာ အပြီးသတ်တော့မယ်လို့လည်း သိရပါတယ်။ ဒုက္ခသည်တွေပြန်ရေးကိစ္စမှာ ကုလသမဂ္ဂ ပါဝင်ဖို့ မြန်မာဖက်က မူလက လက်မခံပေမယ့်၊ အခုတော့ လက်ခံညှိုနှိုင်းနေတဲ့အပေါ် ကြိုဆိုဝမ်းမြောက်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။ ဒီ လုပ်ငန်းစဉ်မှာ ရုရှားဖက်က ပူးပေါင်းပါဝင်မှုကိုလည်း လိုလားတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။

“ ဒုက္ခသည်တွေအနေနဲ့ သူတို့အတွက် ပတ်ဝန်းကျင်အခြေအနေကောင်းရှိမှ ပြန်လို့ရမယ်ဆိုတာ အချက်က အဓိကပါပဲ။ ပထမအချက်ကတော့ သူတို့ပြန်တဲ့အခါ သူတို့အရင်နေခဲ့တဲ့နေရာမှာ အိုးအိမ်နေရာ ပြန်ရဖို့ပါ။ ဒါက အဓိက ပြဿနာပါပဲ။ အိန္ဒိယ တရုတ် ဂျပန် အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေက ဒုက္ခသည်တွေလာတဲ့ ရခိုင်မြောက်ပိုင်းဒေသမှာ သူတို့အတွက်နေအိမ်အပါအ၀င် မူလတန်းကျောင်းတွေ လမ်းတွေ အဆောက်အအုံဆောက်လုပ်ရေးတွေမှာရော အခြေခံကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေမှာပါ ပါဝင်ကူညီနေပါတယ်။ ဒီလုပ်ငန်းစဉ်မှာ ရုရှားကလည်း ဘယ်လို ပါဝင်ကူညီနိုင်မလဲဆိုတာ ကျနော်တို့ သိလိုပါတယ်။ ကျနော်တို့ဖက်ကလည်း ဒုက္ခသည်နေရပ်ပြန်ရေးလုပ်ငန်းစဉ်တွေ ဖြစ်နိုင်သမျှ မြန်ဆန်အောင် မြန်မာအစိုးရကို တတ်နိုင်သလောက် အကူအညီပေးဖို့ ကြိုးစားနေပါတယ်။”

ရိုဟင်ဂျာ ဒုက္ခသည်အရေးနဲ့ ရခိုင်မြောက်ပိုင်းလူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအ၀င် အခြား ကုလသမဂ္ဂအစည်းအဝေးတွေတိုင်းမှာ ဒါဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား ကိစ္စဖြစ်တယ်ဆိုပြီး ရုရှားဖက်က လက်ရှောင်နေပါတယ်။ ဒါပေမယ့် ဒီ ဒုက္ခသည်ကိစ္စမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၀န်ထုပ်ဝန်ပိုးဖြစ်နေပြီး ဒီအတွက် ဘင်္ဂလားဒေ့ရှ်ကို နိုင်ငံတကာအကူအညီပေးဖို့တော့ ရုရှားက လက်ခံထားပါတယ်။ နယ်စပ်ကီလိုမီတာ ၃၀၀ လောက်ပဲရှိတဲ့ မြန်မာ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ရိုဟင်ဂျာဒုက္ခသည်တွေအရေးကိစ္စဟာ ဒေသတွင်းရော နိုင်ငံတကာအတွက်ပါ စိုးရိမ်စရာဖြစ်နေပါတယ်။ ကုလသမဂ္ဂ ကိန်းဂဏန်းတွေအရဆိုရင်တော့ ရခိုင်မြောက်ပိုင်းက ပြီးခဲ့တဲ့နှစ်ပဋိပက္ခကြောင့် ဒုက္ခသည် ခုနှစ်သိန်းနီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ခိုလှုံနေကြတာပါ။ မြန်မာအစိုးရဖက်ကတော့ ဒီ ဒုက္ခသည်တွေကို မြန်မာနိုင်ငံဖက်က ဟုတ်မဟုတ် စီစစ်ပြီး ပြန်လည်လက်ခံ နေရာချထားပေးမယ်လို့ ကတိပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG