သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနိုင်ငံတောင်ပိုင်း မြေပြိုမှုကြောင့် လူပေါင်း ၁၅၀ ကျော် သေဆုံး


အိန္ဒိယတောင်ပိုင်း Kerala ပြည်နယ်အတွင်းမိုးကြီးမြေပြိုပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေစဉ် (ဇူလိုင် ၃၁၊ ၂၀၂၄)
အိန္ဒိယတောင်ပိုင်း Kerala ပြည်နယ်အတွင်းမိုးကြီးမြေပြိုပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေစဉ် (ဇူလိုင် ၃၁၊ ၂၀၂၄)

အနည်းဆုံး လူ ၁၅၁ ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပြောဆိုထားတဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်းက မြေပြိုမှုတွေ အတော်များများ ဖြစ်ခဲ့တဲ့နေရာတွေမှာ ရာနဲ့ချီတဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ရွံ့တွေ၊ အဆောက်အဦပျက်တွေကြားမှာ အသက်ရှင်ကျန်ရစ်သူတွေကို လိုက်လံ ရှာဖွေနေကြပါတယ်။​

တောင်ပိုင်း Kerala ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး လက်ဖက်စိုက်ခင်းတွေနဲ့ ကျေးရွာနေအိမ်တွေ ပြိုကျလာတဲ့ ရွံ့နွံတွေထဲ မျှောပါကုန်ပါတယ်။​

မနေ့ အင်္ဂါနေ့ အစောပိုင်းတုန်းကလည်း Kerala ပြည်နယ်၊ Wayanad ခရိုင်အတွင်းက ကုန်းမြင့်ဒေသတွေမှာ မြေပြိုမှုတွေ ဖြစ်ခဲ့တာမှာ လူနေအိမ်တွေ ပြိုကျ ပျက်ဆီးပြီး သစ်ပင်တွေ ပြိုလှဲကျတာ၊​ တံတားတွေ ကျိုးကျ ပျက်ဆီးခဲ့သလို အနည်းဆုံး လူ ၁၈၆ ယောက်လည် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ရဲအရာရှိ Aijaz က ပြောပါတယ်။​

အခုချိန်မှာ လူ ၁၈၇ ယောက် ပျောက်ဆုံးနေကြောင်း ပြည်နယ်အစိုးရပြောခွင့်ရ P.M Manoj က ပြောပါတယ်။​ ရှာဖွေ တွေ့ရှိတဲ့ ရုပ်အလောင်းတွေထဲက ၇၇ လောင်းကိုတော့ ဘယ်သူ ဘယ်ဝါဆိုတာ စုံစမ်း ဖော်ထုတ်နိုင်ခဲ့တဲ့အတွက် မိသားစုဝင်တွေထံ အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။​

ရွံတွေ၊ အဆောက်အဦပျက်တွေအောက်မှာ ပိမိနေတဲ့ ဒါဇင်နဲ့ချီတဲ့သူတွေကို ကယ်ဆယ်ရေးဝန်ထမ်း ၃၀၀ ကျော်က ကယ်တင်နိုင်ခဲ့ပေမယ့် လမ်းတွေ ပိတ်ဆို့ပြီး သွားလာရေးခက်ခဲမှုတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အဟန့်အတားဖြစ်နေတယ်လို့ Aijaz က ပြောပါတယ်။​

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG