သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယသား ခရီးသည်တွေ မြန်မာနိုင်ငံမှာ ဆိုက်ရောက်ဗီဇာ ရယူနိုင်ပြီ


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်

အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့် ခရီးသွားတွေ အနေနဲ့ မြန်မာနိုင်ငံကို လာရောက်တဲ့ အခါ ဒီဇင်ဘာလ ၁၃ ရက် ကြာသပတေးနေ့ ကစပြီး နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေး နိုင်ငံတကာ လေဆိပ်တွေကနေ ဝင်ရောက်လာချိန်မှာ ဆိုက်ရောက် ဗီဇာ (visa on arrival) ကို တောင်းခံ နိုင်ကြတော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Vikram Misri က ရန်ကုန်မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အိန္ဒိယ သမ္မတ Ram Nath Kovind ရဲ့ လက်ရှိ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အခုလို ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒီဆိုက်ရောက်ဗီဇာ အသုံးပြုခွင့်နဲ့အတူ အိန္ဒိယ နိုင်ငံသားတွေ မြန်မာနိုင်ငံကို လေကြောင်းကနေ လာရောက် လည်ပတ်နိုင်ကြမှာ ဖြစ်ပြီး ၂ နိုင်ငံ နိုင်ငံသားအချင်းချင်း ဆက်ဆံရေး ဖလှယ်မှု တိုးမြှင့်မယ့်အပြင် ကမ္ဘာ လှည့်ခရီးသွားလုပ်ငန်းလည်း တိုးမြှင့်ဖို့ ရှိတယ်လို့ အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် Gokal ကပြောပါတယ်။

အိန္ဒိယ သမ္မတ Kovind ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ အိန္ဒိယနဲ့ မြန်မာအကြား သဘောတူညီမှု ၂ ရပ် လက်မှတ် ရေးထိုးခဲ့ကြရာမှာ တရားသူကြီးနဲ့ တရားရေးဌာန အရာရှိတွေကို အိန္ဒိယမှာ လေ့ကျင့်သင်တန်းပေးဖို့နဲ့ သိပ္ပံနဲ့နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးတို့လည်း ပါဝင်ပါတယ်။

အိန္ဒိယ သမ္မတဟာ ဗုဒ္ဓဟူးနေ့က ရန်ကုန်မှာ ရှိတဲ့ နောက်ဆုံး အသက်ရှင် ကျန်ရစ်တဲ့ အိန္ဒိယစစ်တပ်ရဲ့ စစ်မှုထမ်းဟောင်း ၉ ဦးတို့နဲ့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ သမ္မတဟာ အိန္ဒိယ ကုမ္ပဏီ ၄၅ ကနေ ၅၀ အထိ ပါဝင်တဲ့ အိန္ဒိယ စီးပွါးရေးလုပ်ငန်း ပြပွဲကို ကြာသပတေးနေ့မှာ ဖွင့်လှစ်မှာ ဖြစ်ပြီး ဓမ္မဇောတိ ဝိပဿနာ တရားစခန်းကိုသွားရောက်ဖို့ ရှိပါတယ်။ သောကြာနေ့ မနက်ပိုင်းမှာတော့ သမ္မတ Kovind နဲ့ သမ္မတ ကတော်တို့ဟာ နယူးဒေလီကို ပြန်လည် ထွက်ခွါမှာ ဖြစ်ပါတယ်။

အိန္ဒိယ သမ္မတ Ram Nath Kovind ရဲ့ ၅ ရက်ကြာခရီးစဉ်အတွင်း နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့နဲ့ တွေ့ဆုံခဲ့ပြီး ၂ နိုင်ငံနဲ့ နိုင်ငံတကာ အရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG