သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ်EU ပစ်မှတ်ထား ဒဏ်ခတ်မှုလေးနက်မှု မရှိ UK အဖွဲ့ ဝေဖန်


ကချင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေမှာ မြန်မာအစိုးရစစ်တပ်က ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဥရောပ ကောင်စီက ဆုံးဖြတ်ပြီး တာဝန်ရှိတဲ့ စစ်တပ် ထိပ်ပိုင်းအရာရှိကြီးတွေအပေါ် နောက်ထပ် ကန့်သတ်အရေးယူမှုတွေ လုပ်မယ်လို့ တနင်္လာနေ့က ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီ အီးယူရဲ့ ပြည်ဝင်ခွင့်ဗီဇာနဲ့ ပိုင်ဆိုင်မှု ချိတ်ပိတ်ခြင်းတွေဟာ ပစ်မှတ်ထားတဲ့သူတွေ အပေါ်မှာ ထိရောက်မယ့် အလားအလာ ရှိမှာမဟုတ်ဘူးလို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားတဲ့အဖွဲ့က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံအတွင်းက ကချင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့မှာ အစိုးရတပ်ဖွဲ့တွေက ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန် ခဲ့တဲ့အပေါ် အီးယူ - ဥရောပကောင်စီအနေနဲ့ များစွာ စိတ်မကောင်းဖြစ်ရကြောင်း တနင်္လာနေ့က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အစမှာ ဖော်ပြထားပါတယ်။ အထူးသဖြင့် မြန်မာစစ်တပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ကြီးမားစွာ ချိုးဖောက်ခဲ့တယ်ဆိုတာကို တွေ့ရှိရကြောင်းလည်း အီးယူရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့်လည်း အဲဒီ လူ့အခွင့်အရေး ချိုးဖောက်မှုမှာ ပါဝင်ပတ်သက်သူတွေကို ထိရောက်စွာ အရေးယူပေးဖို့ အီးယူအနေနဲ့ အစဉ်တစိုက် တောင်းဆိုလာခဲ့သလို အဲဒီ ချိုးဖောက်မှုတွေအတွက် နိုင်ငံတကာအဆင့်မှာ အရေးုယူနိုင်ရေး ကုလသမဂ္ဂမှာ အဆိုပြုချက် တင်သွင်းခဲ့တာမှာ အခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့မှာ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခဲ့တယ်ဆိုတဲ့ အချက်ကိုလည်း အီးယူရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရိုဟင်ဂျာ ၇၀၀,၀၀ ကျော် ထွက်ပြေး ခိုလှုံခဲ့ရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့က သွားရောက် စုံစမ်းပြီး တေ့ွရှိခဲ့တဲ့ အချက်တွေအပေါ် ဥရောပ ကောင်စီက အထူး စိုးရိမ်တယ်လို့ ပြောပါတယ်။

အခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ချခဲ့တဲ့ ဥရောပကောင်စီရဲ့ မြန်မာနိုင်ငံ အခြေအနေ ဆိုင်ရာ သုံးသပ်ချက်ထဲမှာ မြန်မာအစိုးရကို တောင်းဆိုခဲ့တဲ့အတိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုမှာ တာဝန်ရှိသူတွေကို အမြန်ဆုံး အရေးယူနိုင်ရေး ဆောင်ရွက်ဖို့၊ ကချင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေကို လူသားချင်းစာနာတဲ့ အကူအညီပေးရေး အဖွဲ့တွေ သွားရောက်နိုင်ဖို့နဲ့ အိုးအိမ် စွန့်ခွာခဲ့ရသူတွေ ဘေးကင်း သိက္ခာရှိစွာနဲ့ နေရပ်ပြန်နိုင်ဖို့ဆိုတဲ့အချက်တွေကိုလည်း ထပ်ပြီးတောင်းဆိုထားပါတယ်။

အီးယူက ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုမှာ တာဝန်ရှိတဲ့ မြန်မာစစ်ခေါင်းဆောင်တွေ အပေါ် ပစ်မှတ်ထားတဲ့ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်တာနဲ့ ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်ဖို့ ဖြစ်ပါတယ်။ ဒီအချက်တွေဟာ ပစ်မှတ်ထားသူတွေအပေါ် ထိရောက်မှု ရှိမှာ မဟုတ်ဘူးလို့ Burma Campaign UK - ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့က ညွန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။

"ပြည်ဝင်ခွင့်VISA ပိတ်ပင်မှုနဲ့ ငွေကြေးပိုင်ဆိုင်မှုတွေ ချိတ်ပိတ်တဲ့ အီးယူကချမှတ်တဲ့ အရေးယူမှုတွေဟာ တဦးချင်းစီအပေါ် VISA ပိတ်ပင်တာနဲ့ အဲဒီဒဏ်ခတ် အရေးယူခံရသူတွေရဲ့ ငွေကြေးပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်တာဖြစ်ပါတယ်။ တကယ်တော့ သူတို့ဟာ ဥရောပဘက်မှာ ငွေကြေးပိုင်ဆိုင်မှုတွေမရှိကြတဲ့အတွက် ချိတ်ပိတ်စရာလည်းမရှိပါဘူး။ အဲဒါကြောင့် ဒါဟာ အပြောသပ်သပ်သာဖြစ်ပြီးတော့ လက်တွေ့ကျအရေးယူမှုမဟုတ်ပါဘူး။"

ဒါ့အပြင် အီးယူ နိုင်ငံတွေ အချင်းချင်းကြား မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် အရေးယူဖို့ ဆွေးနွေးရာမှာ အမြင် ကွဲပြားမှုတွေ ရှိနေပြီး အခုလို ချမှတ်လိုက်တဲ့ ဒဏ်ခတ်မှုဟာ လေးနက်မှု ရှိမှာ ဟုတ်တဲ့အတွက် သူ့အနေနဲ့ Holiday Ban လို့ ရှုမြင်တဲ့အကြောင်း Mark Farmaner က ထောက်ပြပါတယ်။

“အီးယူ အနေနဲ့ မြန်မာနိုင်ငံက ဘယ်သူတွေကို ဒဏ်ခတ် အရေးယူမလဲ၊ ဘယ်နှစ်ဦးအပေါ် အရေးယူမလဲအပေါ် စာရင်းပြုစုရာမှာ သူတို့အချင်းချင်း ငြင်းခုံနေကစဲပါပဲ။ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က ပေးတဲ့ စာရင်းရှိပါတယ် အဲဒီမှာ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်လဲပါနေတော့ တချို့ အီးယူအဖွဲ့ဝင်နိုင်ငံတွေက သူတို့ အပေါ်ဒဏ်ခတ်ပိတ်ဆို့ အရေးမယူလိုကြပါဘူး။ ပျော့ပျောင်းတဲ့နည်းကို သုံးချင်ကြပါတယ်။ သူတို့ ဒီဇင်ဘာမှာ ချမှတ်ခဲ့တာက VISA နဲ့ ပိုင်ဆိုင်မှု ပစ္စည်းတွေကို ချိတ်ပိတ်အရေးယူဖို့ပါပဲ အဲဒီစစ်ဖက်လူတွေက အီးယူ မှာ ပိုင်ဆိုင်ပစ္စည်းတွေ မရှိကြသလို အီးယူ နိုင်ငံတွေကိုလည်း လာဖို့အစီအစဉ်ရှိမယ်လို့ မထင်ပါဘူး။ အဲဒါကြောင့် ကချင်ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တုံ့ပြန်ရာမှာ အခု အီးယူလုပ်တဲ့ပုံစံက Holiday Ban အားလပ်ရပ်အပျော်ခရီး မထွက်ရအောင် ပိတ်ပင်တာမျိုး ဖြစ်နေပါတယ်။"

အီးယူက ဒဏ်ခတ်ပိတ်ဆို့မယ့်သူတွေရဲ့ အမည်စာရင်းကို ကြေညာခြင်း မရှိသေးဘဲ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ အကြံပေးချက်တွေကိုလည်း လိုက်နာမယ့်ပုံ မပေါ်ဘူးလို့ Mark Farmaner က ပြောပါတယ်။

“အီးယူနိုင်ငံအကြား သဘောထားကွဲပြားမှုတွေရှိပေမယ့် သူတို့ ဒါထက်ပိုပြီးတော့ အရေးယူဆောင်ရွက်သင့်တယ်လို့ မလွဲမရှောင်သာ သဘောတူခဲ့ကြပါတယ်။ ဒီပတ်ဆို့မှုစာရင်းမှာ လူတွေထပ်ထည့်ဖို့ရှိနေပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ကအဆိုပြုတဲ့ အကြံပေးချက်တွေကို ပြုလုပ်မယ့်ပုံမပေါ်ပါဘူး။ ဂျာမနီ ၊ သြစတီးလျား၊ ပြင်သစ်တို့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အရေးမယူပဲ အကာအကွယ်ပေးနေကြပါတယ်။"

မြန်မာနိုင်ငံအတွင်း စစ်မက်ဖြစ်ပွားနေတဲ့ ဒေသတွေ၊ အထူးသဖြင့် ကချင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ကြီးမား ကျယ်ပြန့်လွန်းနေတဲ့အပေါ် ကုလသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံတကာ အသိုင်းဝိုင်းက အဲဒီ ကျူးလွန်သူတွေကို ထိုက်တန်တဲ့ အပြစ်ပေး အရေးယူမှုတွေ လုပ်ဆောင်စေလိုတဲ့ ဆန္ဒပြင်းပြနေတာကြောင့် အီးယူအနေနဲ့လည်း အရေးယူမှုတွေကို မဖြစ်မနေ လုပ်ဆောင်ရမယ့် အနေအခြေရှိနေတယ်လို့ Mark Farmaner က သုံးသပ်ပါတယ်။

အီးယူအနေနဲ့ မြန်မာနိုင်ငံကိုပေးထားတဲ့ GSP Status လို့ခေါ်တဲ့ ကုန်သွယ်ရေးအထူးခံစားခွင့်ကိုပါ ပြန်ရုပ်သိမ်းမယ်ဆိုပြီး အစောပိုင်းက သတင်းတွေ ထွက်ခဲ့ပေမယ့် အခု ချမှတ်တဲ့ ဆုံးဖြတ်ချက်မှာ ပြန်ရုပ်သိမ်းခြင်းမယ့်အကြောင်း ဖော်ပြထားခြင်း မရှိပါဘူး။

စစ်တပ်က ထိပ်တန်းခေါင်းဆောင်တွေထဲက ဘယ်သူတွေကို ပိတ်ဆို့အရေးယူမယ်ဆိုတာကို မဆုံးဖြတ်ရသေးပေမယ့် မြန်မာ စစ်တပ်ဘက်က သူတို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်တဲ့ လုပ်ရပ်တွေကို မရပ်တန့်ဘူးဆိုရင် ပိတ်ဆို့အရေးယူမယ့် အစီအစဉ်တွေကို တိုးချဲ့ လုပ်ဆောင်သွားဖို့ အဆင်သင့်ရှိကြောင်း အီးယူက သတိပေးထားပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်က ထိပ်တန်းအရာရှိတွေကို အီးယူအနေနဲ့ တဘက်မှာ ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေပေမယ့်လည်း လက်ရှိ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေ၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကိုတော့ အီးယူအနေနဲ့ ဆက်လက် ပံ့ပိုးပေးသွားမှာ ဖြစ်တယ်လို့ တနင်္လာနေ့က ထုတ်ပြန်တဲ့ ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG