သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလုံခြုံရေးတာဝန်ရှိသူအချို့ EU အရေးယူမှုတိုးမြင့်မည်


ရခိုင်ပြည်နယ်အတွင်း နယ်မြေရှင်းလင်းရေးလုပ်စဉ်
ရခိုင်ပြည်နယ်အတွင်း နယ်မြေရှင်းလင်းရေးလုပ်စဉ်

ကချင်ပြည်နယ် ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ အစိုးရစစ်တပ်က ဆိုးဝါးတဲ့လူ့အခွင့်ချိုးဖောက်မှုတွေကျူးလွန်ခဲ့တယ်လို့ ဥရောပကောင်စီက ဆုံးဖြတ်ပြီး တာဝန်ရှိတဲ့ စစ်တပ်ဘက် ထိပ်ပိုင်းအရာရှိကြီးတွေအပေါ် နောက်ထပ်ကန့်သတ်အရေးယူမှုတွေလုပ်မယ်လို့ ဒီကနေ့ကြေညာချက်ထုတ်ခဲ့ပါတယ်။ EU က မြန်မာအပေါ် အရေးယူကန့်သတ်မှုတွေ လုပ်ဖို့ စီစဉ်တာမှာ၊ ကုန်သွယ်မှုဆိုင်ရာ အထူးခံစားခွင့်ပေးတဲ့ GSP အခွင့်အရေးတွေကိုပါ ပြန်ရုပ်မယ်လို့ အရင်က သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် အခု EU ဆုံးဖြတ်ချက်ထဲမှာ ဒီ ကုန်သွယ်ရေးအခွင့်ထူးခံ ပြန်ရုပ်သိမ်းဖို့ကိစ္စ မပါဝင်တာမို့၊ EU နဲ့ ကုန်သွယ်ရေးပိုင်းမှာ မျှော်လင့်ချက်တွေ ပြန်ဖြစ်လာပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မမေခ က စုံစမ်းမေးမြန်း သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ် ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ အစိုးရစစ်တပ်က ဆိုးဝါးတဲ့လူ့အခွင့်ချိုးဖောက်မှုတွေကျူးလွန်ခဲ့တယ်လို့ ဥရောပကောင်စီက ဆုံးဖြတ်ပြီး တာဝန်ရှိတဲ့ စစ်တပ်နဲ့ နယ်ခြားစောင့်တပ်က ထိပ်ပိုင်းအရာရှိကြီးတွေအပေါ် နောက်ထပ်ကန့်သတ်အရေးယူမှုတွေလုပ်မယ်လို့ EU ဥရောပကောင်စီက ဒီကနေ့ထုတ်ပြန်လိုက်တာပါ။ ကုန်သွယ်ရေးပိုင်းဆိုင်ရာခံစားခွင့်ပေးတဲ့ အခွင့်အရေးတွေကိုပါပြန်ရုပ်မယ်လို့ EU ဖက်က စဉ်းစားခဲ့တာမို့ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေဖက်က စိုးရိမ်မှုရှိခဲ့ပါတယ်။ ဒါပေမယ့် EU က အရေးယူသွားဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ထဲမှာတော့ ကုန်သွယ်ရေးဒဏ်ခတ်မှု့ကိစ္စမျိုး မပါပါဘူး။

မြန်မာနိုင်ငံ ကုန်သည်ကြီးများ အသင်း UMFCCI ဒုဥက္ကဌ ဦးလှမောင်ရွှေကတော့ ဒီ ဆုံးဖြတ်ချက်ထဲမှာ တာဝန်ရှိတဲ့ လုံခြုံရေးပိုင်းတာဝန်ရှိသူတွေကို အရေးယူဖို့ဆိုတာပဲ ပါပြီး GSP ကိစ္စကိုပြောဆိုထားတာ မရှိလို့ စီးပွားရေးပိုင်းအရေးယးူမှုတွေ မလုပ်ဖးူးလို့ ကျိမ်း သေမပြောနိုင်သေးဘူးလို့ဆိုပါတယ်.

"အဓိကတော့ ကျနော်တို့အနေနဲ့တော့ ဒီမှာရှိတဲ့ stakeholder တွေပေ့ါ အလုပ်ရှင် အလုပ်သမားပေါ့ ။ နောက်ပြီး ဒီမှာပါဝင်သူတွေ သူတို့အားလုံးကနေပြီး အတတ်နိုင်ဆုံး ဒီ GSP က ကျနော်တို့လို ဖွံ့ဖြိုးဖို့ ကြိုးစားတဲ့နိုင်ငံတွေမှာ ဒါတွေကို ပြန်ပြီးတော့ suspend မလုပ်ပါနဲ့ဦး ဆိုတာမျိုးကိုတော့ ကြိုးစားပြီးတော့ ကျနော်တို့ဘက်ကလုပ်ဖို့ရှိတယ်။ အစိုးရမှာလည်း ကျနော်တို့ ဒါတွေကြိုးစားပြီးတော့လုပ်နေတယ်လို့ ကျနော်တို့အနေနဲ့ အဲလိုပဲ နားလည်ပါတယ်။"

အရေးယူ ကန့်သန့်ဖို့ ပြင်ဆင်နေတဲ့ EU အနေနဲ့ ဘယ်လိုအရေးယူမလဲဆိူတာ တိတိကျကျမသိရသေးပါဘူး။ အခုလို အရေး.ယှုဖို့ပြင်ဆင်နေတဲ့ အပေါ် နိုင်ငံရေးလေ့လာ သူံသပ်သူဦးမင်းခင်ကတော့

"အထူးသဖြင့်တော့ တပ်ဘက်ကပေါ့နော် ကာကွယ်ရေးဦးစီးချုပ်အပါအဝင် စစ်ပိုင်းခေါင်းဆောင်တွေ ဒီဟာကို ဘယ်လိုစဉ်းစားမလဲ ဒါကအရေးကြီးတယ်။ ကျနော်ဘယ်လိုမှန်းရမလဲဆိုတာကတော့ အတော်လေး ပြောရခက်တယ်။ ဘာလို့လဲဆိုတော့ သူတို့စဉ်းစားပုံ လုပ်ပုံကိုင်ပုံတွေက တကယ့်လမ်းကြောင်းအမှန်ကို တုံ့ပြန်နိုင်ပါ့မလား အဲဒါက စိတ်ပူတယ်။ တခြားလမ်းကြောင်း အဆင်မပြေတဲ့ လမ်းကြောင်းဘက်ကို အကြောင်းကြောင်းကြောင့် ရောက်သွားမှာကို စိုးရိမ်ပါတယ်။"

လူ့အခွင့်အရေးချိုးဖောက်တဲ့စွပ်စွဲချက်တွေကို ဆက်လက်စုံစမ်းဖို့ သီးခြားလွတ်လပ်တဲ့ လုပ်ငန်းစဉ်သစ်တခု လိုအပ်ပြီး၊ နိုင်ငံတကာရာဇဝတ်တရားရုံး ICC ရဲ့တရားစီရင်ပိုင်ခွင့်နဲ့ အပြည့်အဝအသိအမှတ်ပြုခံရတဲ့ မျှတ ဘက်မလိုက်တဲ့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေလုပ်ရေးပြင်ဆင်ဖို့အရေးကြီးတယ်ဆိုတာကိုလည်း ဥရောပကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ အလေးပေး ပြောထားပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကဖွဲ့စည်းထားတဲ့ နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ တေ့ွရှိချက်တွေအပေါ် ဥရောပကောင်စီက အထူးစိုးရိမ်တယ်လို့ပြောပါတယ်။ အခုနှစ်ဆန်း February လ ၂၆ ရက်နေ့က ချခဲ့တဲ့ ဥရောပကောင်စီရဲ့ မြန်မာနိုင်ငံ အခြေအနေဆိုင်ရာ သုံးသပ်ချက်ထဲမှာ မြန်မာအစိုးရကို တောင်းဆိုခဲ့တဲ့အတိုင်း လူ့အခွင့်အရေးချိုးဖောက်မှုမှာ တာဝန်ရှိသူတွေကို အမြန်ဆုံးအရေးယူနိုင်ရေးဆောင်ရွက်ဖို့၊ ကချင် ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေကို လူသားချင်းစာနာတဲ့အကူအညီပေးရေးအဖွဲ့တွေသွားရောက်နိုင်ဖို့နဲ့ အိုးအိမ်စွန့်ခွာခဲ့ရသူတွေ ဘေးကင်း သိက္ခာရှိစွာနဲ့ နေရပ်ပြန်နိုင်ဖို့ဆိုတဲ့အချက်တွေကိုလည်း ထပ်ပြီးတောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG