မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းက လက်ရှိဘဏ္ဍာနှစ်ရဲ့ ပထမ ၆ လအတွင်း ပြည်ပကို တင်ပို့တဲ့ ပမာဏဟာ အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံရှိတယ်လို့ အစိုးရက ထုတ်ပြန်တဲ့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။
အခုနှစ် ဧပြီလကနေ စက်တင်ဘာလအကြား Cut-Make-Pack (CMP) လို့ခေါ်တဲ့ ဖြတ်၊ ချုပ်၊ ထုပ်ပို့ အစီအစဉ်နဲ့ ပြည်ပကို တင်ပို့ခဲတဲ့ ပမာဏဟာ မနှစ်က အဲဒီအချိန်နဲ့ နိုင်းယှဉ်လိုက်ရင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ တိုင်းလာခဲ့ကြောင်း အစိုးရက ထုတ်ပြန်တဲ့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။
အထည်ချုပ်လုပ်ငန်းဟာ မြန်မာနိုင်ငံအတွက် ပြည်ပပို့ကုန် တိုးမြင့်အောင် ဦးစားပေး ဆောင်ရွက်နေတဲ့ အဓိက လုပ်ငန်းဖြစ်ကြောင်း၊ CMP အစီအစဉ်နဲ့ ဆောင်ရွက်တဲ့ အထည်ချုပ်လုပ်ငန်းဟာ အနောက်နိုင်ငံတွေရဲ့ ကုန်သွယ်ရေး အထူးအခွင့်အရေး ပေးခံရတဲ့ လုပ်ငန်းဖြစ်ကြောင်း မြန်မာအစိုးရ တာဝန်ရှိသူတွေကလည်း ပြောပါတယ်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း CMP အထည်ချုပ်လုပ်ငန်းက ပြည်ပကို တင်ပို့နိုင်မယ့် ပမာဏဟာ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ ရှိမယ်လို့ မနှစ် ဘဏ္ဍာနှစ်တုန်းက ခန့်မှန်းထားခဲ့ကြတာပါ။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဒီလုပ်ငန်းက ပြည်ပကိုပို့နိုင်ခဲ့တဲ့ ပမာဏဟာ ဒေါ်လာ သန်း ၈၅၀ ရှိခဲ့တာကြောင့် ၃ ဆနီးပါး တိုးတက်လာတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကထွက်တဲ့ CMP အဝတ်အထည်တွေကို အီးယူ ဥရောပသမဂ္ဂက ဒေါ်လာ သန်း ၁၈၀ ဖိုး ၂ ဆတိုးပြီး မှာယူဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ အထည်ချုပ်စက်ရုံပေါင်း ၄၀၀ လောက်နဲ့ ဝန်ထမ်း ၃ သိန်းကျော်က ချုပ်လုပ်တဲ့ အဝတ်အထည်တွေကို ဂျပန်၊ ဥရောပဈေးကွက်၊ တောင်ကိုရီးယား၊ တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုတို့ကို အများဆုံး တင်ပို့တာဖြစ်ပါတယ်။