နိုင်ငံခြားအထည်ချုပ် လုပ်ငန်းရှင်တွေဟာ လုပ်ခဈေးပေါတဲ့ တိုင်းပြည်တွေမှာ ရင်းနှီးမြှုပ်နံှတာများပါတယ်။ တရုတ်၊ ထိုင်း၊ ဗိယက်နမ်၊ ကမ္ဘောဒီယား နဲ့ အင်ဒိုနေရှားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် မြန်မာပြည်ဟာ လုပ်ခသက်သာပါတယ်။ ဒါကြောင့်လဲ တရုတ်၊ ကိုရီးယား၊ ထိုင်ဝမ်၊ ဂျပန် နဲ့ ဥရောပကုမ္ပဏီတွေ မြန်မာပြည်မှာ အထည်ချုပ်လုပ်ငန်း တည်ထောင်ထားကြတာ ဖြစ်ပါတယ်။ ကမ္ဘောဒီယား နဲ့ ဗိယက်နမ်မှာ အနည်းဆုံးလုပ်ခဟာ တလ ဒေါ်လာ (၁၅၀) ရှိပြီး၊ ထိုင်းမှာတော့ တလ (၂၅၀) ရပါတယ်။ မြန်မာရဲ့ အနည်းဆုံးလုပ်ခက တလ ဒေါ်လာ (၇၀) လောက်ရှိပြီး ဘင်္ဂလားဒေ့ရှ်မှာ (၄၅) ဒေါ်လာသာ ရပါတယ်။
မြန်မာပို့ကုန်ရဲ့ (၁၀) ရာခိုင်နှုန်းဟာ အထည်ချုပ်လုပ်ငန်းကရတဲ့ ဝင်ငွေ ဖြစ်ပါတယ်။ ၂၀၁၅ မှာ ဒေါ်လာသန်း (၂၀၀၀) ဖိုး မြန်မာက တင်ပို့နိုင်ပေမယ့် အိမ်နီးချင်းနိုင်ငံတွေကိုမီဖို့ အများကြီးလိုပါသေးတယ်။ အဲဒီနှစ်မှာ ကမ္ဘောဒီယားက ဒေါ်လာသန်း (၆၀၀၀) ဖိုး၊ ဗိယက်နမ်က သန်း (၂၈,၀၀၀) ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ဗိယက်နမ်မှာ အထည်ချုပ်အလုပ်သမား (၂) သန်းခွဲလောက်နဲ့ စက်ရုံ (၆၀၀၀) နီးပါး ရှိပါတယ်။ လုပ်ခနည်းလေလေ လုပ်ငန်းရှင်တွေက ကြိုက်လေလေမို့ လုပ်ခနည်းတဲ့ နိုင်ငံတွေကို စုပြုံဝင်ရောက်လေ့ ရှိပေမယ့် မြန်မာဟာ ဘင်္ဂလားဒေ့ရှ်လို မဖြစ်ဖို့လိုကြောင်း သတိပေးကြပါတယ်။
မြန်မာမှာ အနည်းဆုံးလုပ်ခ တနေ့ကျပ် (၃၆၀၀) ပေးဖို့ ၂၀၁၅ က သတ်မှတ်ပါတယ်။ အလုပ်ရှင်ဘက်ကတော့ (၂၅၀၀) လောက်သာ ပေးလိုပါတယ်။ ၃၆၀၀ နဲ့ဆိုရင် စီးပွားရေးတွက်ချေ မကိုက်တဲ့အတွက် စက်ရုံတွေ ပိတ်ရလိမ့်မယ်လို့ တရုတ် နဲ့ တောင်ကိုရီးယားကုမ္ပဏီ (၉၀) လောက်က ခြိမ်းခြောက်ပါတယ်။ အနည်းဆုံးလုပ်ခ တနေ့ ကျပ် (၃၆၀၀) နဲ့ မစားလောက်ကြောင်း အလုပ်သမားသမဂ္ဂဘက်က ရှင်းပြပါတယ်။ စက်ရုံဥပဒေမှာ အလုပ်ချိန် တပတ် (၄၄) နာရီ၊ အချိန်ပိုက (၁၆) နာရီ၊ စုစုပေါင်း နာရီ (၆၀) လုပ်ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ ဦးသိန်းစိန်အစိုးရလက်ထက် (၂၀၁၂) မှာ တပတ် (၆၄) နာရီ လုပ်ခွင့်ပြုကြောင်း အလုပ်သမားဌာနက အမိန့်ထုတ်ပါတယ်။ အလုပ်ရှင်ကတော့ ကုန်စည်များများ ထုတ်လုပ်နိုင်ပြီး များများရောင်းဖို့သာ စိတ်ဝင်စားပါတယ်။ အလုပ်သမားရဲ့ ဘဝအခြေအနေကို ဦးစားမပေးပါဘူး။
မြန်မာ့အထည်ချုပ်လုပ်ငန်းက အလုပ်သမား (၄၀) ရာခိုင်နှုန်းဟာ တောင်ကိုရီးယားနိုင်ငံတွေမှာ အလုပ်လုပ်နေကြပါတယ်။ မြန်မာ့အလုပ်သမားဥပဒေကို ဖောက်ဖျက်ရာမှာလည်း တောင်ကိုရီးယားတွေ အများဆုံး ဖြစ်ပါတယ်။ အချိန်ပိုလုပ်ဖို့ အစိုးရခွင့်ပြုထားတာထက် ပိုပြီးခိုင်းတဲ့နေရာမှာ တောင်ကိုရီးယားကုမ္ပဏီတွေ နာမည်ကြီးပါတယ်။ အထည်ချုပ်စက်ရုံ (၃၉) ခုက အလုပ်သမား (၁၂၀၀) ကို Action Labor Rights အဖွဲ့က တွေ့ဆုံမေးမြန်းတဲ့အခါမှာ (၆၂) ရာခိုင်နှုန်းဟာ တရားဝင်သတ်မှတ်ထားတဲ့ အချိန်ပိုထက် အမြဲတမ်း ပိုလုပ်ရတယ်လို့ ပြောပါတယ်။ ဒီအထဲမှာ အလုပ်သမား (၁၅) ရာခိုင်နှုန်းဟာ လုပ်ပေးရတဲ့ အချိန်ပိုအတွက် လုပ်ခမရဘူးလို့ သိရပါတယ်။ ကလေးလုပ်သားတွေကိုလည်း တောင်ကိုရီးယားပိုင် ကုမ္ပဏီတွေမှာ တွေ့နိုင်ပါတယ်။ အလုပ်ရုံ (၆၇) ရာခိုင်နှုန်းမှာ အရေးပေါ် ထွက်ပေါက်မရှိပါဘူး။
အထည်ချုပ်လုပ်ငန်း (၁၈၀) လောက်မှာသာ လူမှု့ကျင့်ဝတ် စံချိန်စံညွှန်းကို လိုက်နာကြပြီး ကျန်စက်ရုံတွေမှာ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းကို မလိုက်နာကြဘူးလို့ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးအောင်မျိုးဟိန်း ပြောတာကို ဇန်နဝါရီလ (၂၇) ရက်နေ့ထုတ် မြန်မာတိုင်းမ်မှာ ဖော်ပြပါတယ်။ ဥရောပ၊ အမေရိကန် နဲ့ ဂျပန်တို့ကို တင်ပို့တဲ့ စက်ရုံတွေကသာ စံချိန်စံညွှန်း လိုအပ်ချက်တွေကို လိုက်နာကြပြီး တရုတ်နဲ့ မြန်မာပိုင် စက်ရုံတွေကတော့ မလိုက်နာကြဘူးလို့ ဆိုပါတယ်။ ကျင့်ဝတ်လိုက်နာအောင် အလုပ်သမားသမဂ္ဂတွေကလည်း တိုက်တွန်းကြပါတယ်။ ကမ္ဘာ့နိုင်ငံကြီးတွေ တောင်းဆိုတဲ့အတိုင်း စက်ရုံမှာ လိုက်နာရမယ့် လူမှုကျင့်ဝတ် စံချိန်စံညွှန်းတွေကို ပြည်တွင်းလုပ်ငန်းရှင်တွေ လိုက်နာကြဖို့ လိုပါတယ်။ ဒီကိစ္စမှာ အစိုးရရဲ့ ကူညီထောက်ပံ့မှု လိုအပ်နေတယ်လို့ ဆိုပါတယ်။
အာရှဒေသမှာ ဘင်္ဂလားဒေ့ရှ်ပြီးရင် မြန်မာဟာ လုပ်ခအနည်းဆုံးဒေသ ဖြစ်ပါတယ်။ အထည်ချုပ် လုပ်ငန်းရှင်များအဖို့ လုပ်ခနည်းလေ အမြတ်အစွန်းများလေ ဖြစ်တဲ့အတွက် မြန်မာပြည်မှာ ရင်းနှီးမြှုပ်နံှလိုကြတာ သဘာဝကျပါတယ်။ ဒါကြောင့် မြန်မာ့အထည်ချုပ်လုပ်ငန်း တဝက်လောက်ဟာ နိုင်ငံခြားပိုင် (သို့မဟုတ်) နိုင်ငံခြားနဲ့ ဖက်စပ်လုပ်ထားသူတွေ ဖြစ်ပါတယ်။ တရုတ်၊ ကိုရီးယား၊ ထိုင်ဝမ် နဲ့ ဂျပန်တို့အပြင် အနောက်တိုင်းကုမ္ပဏီတွေလည်း အထည်ချုပ်လုပ်ငန်းမှာ ပါဝင်လာကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအလုပ်သမားတွေ တန်ရာတန်ကြေး လုပ်ခရဖို့ စက်ရုံအဆင့်အတန်းရှိရေးဟာ အရေးကြီးပါတယ်။
အာရှနိုင်ငံတွေမှာ မနှစ်က အနည်းဆုံးလုပ်ခ (၅) ရာခိုင်နှုန်းကနေ (၁၅) ရာခိုင်နှုန်းအထိ တိုးလာတာ တွေ့ရပါတယ်။ အိန္ဒိယ၊ မလေးရှား၊ ထိုင်း၊ ကမ္ဘောဒီယား နဲ့ အင်ဒိုနေရှားမှာ လုပ်ခတိုးလာပါတယ်။ ဘင်္ဂလားဒေရှ်မှာတော့ မပြောင်းလဲပါဘူး။ ကမ္ဘောဒီယားမှာ အလုပ်သမားသမဂ္ဂရဲ့ တောင်းဆိုမှုကြောင့် လုပ်ခတိုးပေးရပါတယ်။ အင်ဒိုနေရှားမှာတော့ စားလောက်အောင် အစိုးရက အနည်းဆုံး လုပ်ခကို တိုးပေးပါတယ်။ တရုတ်နဲ့ ဖိလစ်ပိုင်မှာ တလဒေါ်လာ သုံးရာကျော်ရကြပြီး မလေးရှား၊ ထိုင်း၊ နဲ့ အင်ဒိုနေရှားမှာ တလဒေါ်လာ (၂၅၀ ကျော် ရပါတယ်။ အိန္ဒိယ၊ ဗိယက်နမ် နဲ့ ကမ္ဘောဒီယားမှာ တလ ဒေါ်လာ (၁၅၀) လုပ်ခရကြပြီး မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်မှာတော့ (၁၀၀) အောက်သာ ရကြပါတယ်။