သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ လက်တွေ့ အခြေအနေ ဆန်းစစ်ဖို့ EU အဖွဲ့ရောက်


ဥရောပသမဂ္ဂ EU နှင့် မြန်မာနိုင်ငံအလံ
ဥရောပသမဂ္ဂ EU နှင့် မြန်မာနိုင်ငံအလံ

ဥရောပသမဂ္ဂ EU ရဲ့နိုင်ငံတကာရေးရာနဲ့ ကုန်သွယ်ရေးရာပူးပေါင်းအဖွဲ့ဟာ အောက်တိုဘာလ ၂၈ ရက် တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံကို လာ ရောက်ပြီး ၃၀ ရက် အင်္ဂါနေ့မှာတော့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ဝန်ကြီးတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးမှာဖြစ်သလို နိုင်ငံတကာ သံတမန်တွေ၊ အထည်ချုပ်လုပ်ငန်းရှင်တွေနဲ့လည်း သီးခြားတွေ့ဆုံမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စဲွဲချက်တွေကြောင့် မြန်မာနိုင်ငံအပေါ် ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေ ရုပ်သိမ်းရေး၊ မရုပ်သိမ်းရေးကို EU ဥရောပ သမဂ္ဂက ဆုံးဖြတ်ဖို့ ရှိနေပါတယ်။ ဥရောပ သမဂ္ဂ နိုင်ငံတကာရေးရာနဲ့ ကုန်သွယ်ရေးရာပူးပေါင်းအဖွဲ့က အခုလာရောက်တဲ့ မြန်မာခရီးစဉ်အတွင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးချိန်မှာ ဆုံးဖြတ်နိုင်တယ်လို့ EU တာဝန်ရှိသူတွေဘက်က ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံအပေါ် ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူး အခွင့်အရေးတွေ မရုပ်သိမ်းဖို့အတွက် EU ဥရောပသမဂ္ဂကို မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) က တောင်းဆိုထားတယ်လို့ အဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင်က VOA ကို ပြောပါတယ်။ တကယ်လို့ အီးယူဘက်က ဒါကို ရုပ်သိမ်းလိုက်မယ်ဆိုရင် မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကိုသာမက အထည်ချုပ် အလုပ်သမား ၄ သိန်းလောက်ကို ထိခိုက်လာနိုင်တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂက သံအမတ်ကြီး Kristian Schmidt ကတော့ မြန်မာနိုင်ငံအပေါ် ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူး အခွင့်အရေးတွေကို အီးယူ ဥရောပ သမဂ္ဂ ဘက်က ရုပ်သိမ်းမယ် မရုပ်သိမ်းဘူး ဆိုတာဟာ ဆုံးဖြတ်ချက်တစုံတရာ မချရသေးသလို ရှောင်လွဲနိုင်တဲ့ အခြေအနေ ဖြစ်ကြောင်း မကြာသေးခင်က VOA နဲ့ သီးသန့်တွေ့ဆုံမေးမြန်းစဉ်မှာ ပြောဆိုထားပါတယ်။

အထည်ချုပ်လုပ်ငန်းမှာ အခု အလုပ်သမား လေးသိန်း ဝန်းကျင် ရှိနေပြီး ၉၀ ရာခိုင်နှုန်းကျော်က အမျိုးသမီးများဖြစ်ကြပါတယ်။ ၂၀၀၃ ခုနှစ်မှာ အရေးယူဒဏ်ခတ်မှုတွေ ခံခဲ့ရပြီး နောက်ပိုင်း ဒီလုပ်ငန်းဟာ အတော့်ကိုကျဆင်းသွားခဲ့တာ ဖြစ်ပြီး အခုမှ ပြန်ပြီးနလံထူစ အခြေနေ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG