ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်သွားတဲ့ ဒုက္ခသည်တွေထဲက ရှစ်ထောင်ကို မကြာခင် မြန်မာနိုင်ငံပြန်ပို့တော့မယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ၀န်ကြီးက ပြောဆိုပေမယ့် မြန်မာနိုင်ငံဘက်က တကယ်တမ်း စီစစ်ပြီးသား အရေအတွက်နဲ့ ကွဲလွဲနေတယ်လို့ မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိတဦးက ပြောပါတယ်။ ဒုက္ခသည်တွေကို တနေ့ သုံးရာ စတင်လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ဘယ်နေ့စပြန်ပို့မလဲဆိုတာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် မူတည်တယ်လို့ ပြောပါတယ်။ VOA သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။
ဘယ်၈ျီယံနိုင်ငံ ဘရားဇဲလ်မြို့မှာ ကျင်းပနေတဲ့ အာဆီယံနဲ့ ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali က မြန်မာနိုင်ငံကို ဒုက္ခသည် ရှစ်ထောင်ထဲက ပထမအသုတ် မကြာခင်ပြန်ပို့နိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း သောကြာနေ့က ပြောဆိုခဲတာပါ။
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စေ့စပ်ဆွေးနွေးရေးဌာန ညွှန်ကြားရေးမှုးချုပ် ဦးချမ်းအေးကတော့ ရှစ်ထောင်ဆိုတဲ့ အရေအတွက်ဟာ မြန်မာနိုင်ငံဘက်က လက်ခံဖို့ စီစစ်ပြီးသားအရေအတွက်နဲ့ ကွဲလွဲနေတယ်လို့ ဆိုပါတယ်။
"၈၀၀၀ကျော်စာရင်းပေးတာမှာ ကျနော်တို့စိစစ်လိုက်တာ ၅၀၀၀ကျော်စိစစ်ပြီးပြီ။ ကျန်တဲ့သူတွေက စိစစ်ဆဲ။ ဘာလို့လဲဆိုတော့ ကျန်တဲ့သူတွေက အထောက်အထားမခိုင်လုံတဲ့အတွက်။ ဒီလူတွေ မြန်မာနိုင်ငံမှာမနေဘူးလို့လဲ မဆိုလိုဘူးကျနော်တို့က။ သူတို့ပေးတဲ့ အထောက်အထားမပြည့်စုံလို့ ဒီလူတွေက စိစစ်လို့မရသေးဘူး။၅၀၀၀ကျော်စိစစ်ပြီးတာကို ကျနော်တို့က ပြန်လက်ခံဖို့ရှိတယ်။ ကျနော်တို့ဒီစိစစ်ပြီးတာကို သူတို့ဘက်ကို ဒီအောက်တိုဘာလတုန်းက သံတမာန်လမ်းအရ ပို့ထားပြီးပြီ။ ပြန်လက်ခံဖို့အဆင်သင့်မလို့ ပို့ထားတာပေါ့လေ"
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံအကြား သဘောတူညီမှု မရခင်ကတည်းက ဟိန္ဒူ ၈၀၀ ကျော်နဲ့ မူဆလင် ၅၀၀ ကျော်အပါအ၀င် ၁၂၂၀ ကို လက်ခံမယ့်အကြောင်း မြန်မာနိုင်ငံဘက်က အကြောင်းကြားခဲ့တယ်လို့ ဦးချမ်းအေးက ပြောပါတယ်။ အဲဒီ လူ ၁၂၂၀ ဟာ မြန်မာနိုင်ငံဘက်မှာ နေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ ရှိပြီးသားဖြစ်တဲ့အတွက် ပြန်လည်လက်ခံမယ့်အကြောင်း မြန်မာနိုင်ငံဘက်က အကြောင်းကြားထားတာပါ။ ဒီလူတွေအပြင် ပဋိပက္ခဖြစ်ပြီးနောက်ပိုင်းဘင်္ဂလားဒေရှ်ဘက်ကို ထွက်ခွာသွားတဲ့ လူဦးရေ ၅၀၀၀ကျော်ခန့် ဟာ မြန်မာနိုင်ငံထဲနေထိုင်ကြောင်း အထောက်အထားတွေ ရှိတာကြောင့် သူတို့ကိုလည်း ပြန်လည်လက်ခံသွားမယ်လို့ ဆိုပါတယ်။ စုစု ပေါင်း လူဦးရေ ၆၀၀၀ကျော်လောက်ပြန်လက်မယ့်အကြောင်း ဘင်္ဂလားဒေရှ် နိုင်ငံဘက်ကို အကြောင်းကြားထားပြီးဖြစ်တယ်လို့ ဦးချမ်း အေးကပြောပါတယ်။
ဒုက္ခသည်တွေဟာ မူလ သူတို့နေထိုင်ရာ ရွာတွေကို ပြန်ပြီး နေထိုင်နိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ၀န်ကြီး AH Mahmood Ali က ASEM အစည်းအဝေးမှာ ပြောဆိုပါတယ်။ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စေ့စပ်ဆွေးနွေးရေးဌာန ညွှန်ကြားရေးမှုးချုပ် ဦးချမ်းအေးကတော့ သူတို့ နေထိုင်ခဲ့တဲ့ မူလနေရာသို့မဟုတ် သူတို့ရွေးချယ်တဲ့ နေရာနဲ့ အနီးဆုံးနေရာတွေမှာ ပြန်လည် နေရာချမယ်လို့ ဆိုပါတယ်။
"မူလနေရာသို့ သူတို့ရွေးချယ်တဲ့နေရာနဲ့ အနီးဆုံး နေရာမှာ လုပ်ပေးဖို့ရှိတယ်။ ဒါတွေနဲ့ပတ်သတ်လို့ ရခိုင်ပြည်နယ်အစိုးရကလည်းလုပ်နေတယ်။ UN ဘက်ကလည်းကွင်းဆင်းကြည့်နေတယ်။ သူတို့ဒုတိယ အကြိမ်ဆောင်ရွက်နေတယ်။ ပထမအဆင့် ကျေးရွာ ၂၃ရွာနဲ့ ကျေးရွာကြီး ၃ခုကွင်းဆင်းကြည့်နေတယ်"
ဒုက္ခသည်တွေကို တနေ့ သုံးရာ စတင်လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ဘယ်နေ့စပြန်ပို့မလဲဆိုတာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် မူတည်တယ်လို့လည်း ဦးချမ်းအေးက ပြောပါတယ်။
"ကျနော်တို့ဘက်က လက်ခံဖို့အတွက်က ပြန်လည်လက်ခံရေး နေရာ၂ခုရှိတယ်။ ကြားစခန်း ၁ခုရှိတယ်။ အဲမှာဝန်ထမ်းတွေကအားလုံးစောင့်နေကြတယ်။ ကြားစခန်းမှာလည်း သူတို့လပိုင်းဘဲနေဖို့ စီစဉ်ပေး ထားတယ်။ အဲဒါတွေကိုလူကယ်ပြန်ကလည်းခဏခဏရှင်းပြနေပါတယ်။Cash for work တို့လုပ်မှာလဲရှိတယ်။ အရေးကြီးဆုံးက ပထမဆုံးအသုတ်ကို ပြေပြေလည်လည်အောင်အောင်မြင်မြင်ပြန်ပို့နိုင်ဖို့ အဲဒါကတော့ သူတို့ဘက်အပေါ်မူတည်နေပါတယ်။"
ဒုက္ခသည် နေရပ်ရင်း ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၂ နိုင်ငံကြား နားလည်မှုစာချွန်လွှာ ချုပ်ဆိုခဲတာ ၉ လကြာတဲ့အထိ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို မစနိုင်သေးပဲ ဖြစ်နေပါတယ်။ ဒီလကုန် မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို သွားရောက်ပြီး ဒုက္ခသည်တွေ စီစစ်လက်ခံရေး ကိစ္စကို အသေးစိတ်ဆွေးနွေးမယ်လို့လည်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောဆိုထားပါတယ်။