သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာပြဿနာ ပြည်တွင်းရေးသက်သက်မဟုတ်ကြောင်း မလေးရှားပြော


မလေးရှားသို့ ဝင်ရောက်လာသည် ရိုဟင်ဂျာဒုက္ခသည်များ
မလေးရှားသို့ ဝင်ရောက်လာသည် ရိုဟင်ဂျာဒုက္ခသည်များ

ပြည်ပကို ထွက်ပြေးကြတဲ့ ရိုဟင်ဂျာတွေ မလေးရှားကိုပါ ရောက်လာနေတာမို့ ရိုဟင်ဂျာပြဿနာကို မြန်မာအစိုးရက ပြည်တွင်းရေးပြဿနာ သက်သက်အဖြစ် ပြောလို့ မဖြစ်နိုင်ဘူးလို့ ၁၂ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ မလေးရှား ကာကွယ်ရေးဝန်ကြီး Mohamad Sabu က ပြောပါတယ်။

လက်ရှိမှာ မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာ ၁ သိန်းကျော် ရှိနေပြီး သူတို့တွေဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှာ မှတ်ပုံတင်ထား သူတွေချည်း မဟုတ်ကြကြောင်းနဲ့ ဒုက္ခသည် အများအပြားရဲ့ ဒဏ်ကို မလေးရှားက မခံနိုင်ဘူးလို့ ဝန်ကြီး Mohamad Sabu က ပြောကြားကြောင်း မလေးရှားအစိုးရအာဘော် Bernama သတင်းမှာ ဖော်ပြထားပါတယ်။

အောက်တိုဘာလ ၁၈ ရက်ကနေ ၂၀ ရက်နေ့အထိ စင်္ကာပူမှာ ကျင်းပတဲ့ ၁၂ ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး ADMM နဲ့ ၅ ကြိမ်မြောက် ADMM-Plus အစည်းအဝေးတွေကို မလေးရှားနဲ့အတူ မြန်မာလည်း တက်ရောက်နေတာ ဖြစ်ပြီး ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်အောင် မြန်မာဘက်က လုပ်ဖို့လိုအပ်ကြောင်း မလေးရှားကာကွယ်ရေးဝန်ကြီးက အစည်းအဝေးမှာပြောပါတယ်။

ဒါ့အပြင် သူတို့ လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်အောင် မြန်မာသံရုံးက နည်းလမ်းတွေ ရှာဖို့ လည်း တိုက်တွန်းခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ရှိနေတဲ့ ရိုဟင်ဂျာတွေ အတွက် လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက Cox’s Bazar မှာ မလေးရှားက ဆေးခန်းဖွင့်ပေးပြီး ဘင်္ဂလားဒေ့ရှ်ကို အကူအညီပေးနေကြောင်းနဲ့ မလေးရှားကိုလည်း ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများနိုင်ငံ UAE နဲ့ ဘရူနိုင်းအပါအဝင် နိုင်ငံအများအပြားက အကူအညီတွေ ပေးနေတယ်လို့ပြောပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ညှိနှိုင်းမှုတွေနဲ့ ပတ်သက်ပြီး အကူအညီပေးဖို့ တခြားနိုင်ငံအများအပြားကလည်း လိုလားနေတယ် လို့ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG