သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး အကူအညီပေးဖို့ အိန္ဒိယသမ္မတ ကတိပြု


 India သမ္မတ Ram Nath Kovind နှင့် မြန်မာသမ္မတ ဦးဝင်းမြင့်
India သမ္မတ Ram Nath Kovind နှင့် မြန်မာသမ္မတ ဦးဝင်းမြင့်

စိန်ခေါ်မှုတွေရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအခြေအနေကို အိန္ဒိယ နိုင်ငံက နားလည်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အပြည့်အဝ ထောက်ခံ ပံ့ပိုးသွားမယ်လို့ မြန်မာနိုင်ငံမှာရောက်နေတဲ့ အိန္ဒိယ သမ္မတ Ram Nath Kovind ကဒီကနေ့ ပြောကြားခဲ့ပါတယ်။

နေပြည်တော်မှာ သမ္မတ ဦးဝင်းမြင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးခြားစဉ်တွေ့ဆုံစဉ် ခုလိုပြောကြားခဲ့တဲ့အကြောင်း အိန္ဒိယ သမ္မတရုံးရဲ့ Twitter စာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။ India ရဲ့ အရှေ့မျှော်မူဝါဒနဲ့ အိမ်နီးချင်းနိုင်ငံဦးစားပေးမူဝါဒတွေအရ မြန်မာနိုင်ငံဟာ အရေးကြီးတဲ့နိုင်ငံတခုဖြစ်ပြီး မြန်မာနဲ့ဆက်ဆံရေးကို အထူးအလေးထားတယ်လို့ သမ္မတ Kovind က သမ္မတဦးဝင်းမြင့်ကို ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာလည်း ၂ နိုင်ငံအပြန်အလှန်ကိစ္စတွေအပြင် နိုင်ငံတကာနဲ့ဆိုင်တဲ့ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးမှာ အိန္ဒိယကအိမ်အလုံးရေ ၂၅၀ ကူညီဆောက်လုပ်ပေးမယ့်အစီအစဉ်အရ ပထမအိမ်အလုံး ၅၀ ကိုလည်းဒီကနေ့ မြန်မာကိုလွဲှပြောင်းပေးခဲ့ပါတယ်။ မြန်မာနိုင်ငံက တရားသူကြီးတွေနဲ့ တရားရေးဆိုင်ရာတာဝန်ရှိသူတွေ အရေအသွေးမြှင့်တင်ရေးအတွက် India နိုင်ငံကသင်တန်းပေးဖို့လည်း သမ္မတ ၂ ယောက်တေ့ွဆုံပွဲမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေ လက်မှတ်ထိုးသဘောတူခဲ့ပါတယ်။ သိပ္ပံနဲ့နည်းပညာဆိုင်ရာ အကူအညီပေးရေးအတွက်လည်း ၂ နိုင်ငံကြား သဘောတူခဲ့ကြပါတယ်။

မြန်မာနိုင်ငံကိုလာရောက်တဲ့ အိန္ဒိယ သမ္မတခရီးစဉ်နဲ့တိုက်ပြီး ရန်ကုန်၊ နေပြည်တော်၊ မန္တလေး နိုင်ငံတကာလေဆိပ်တွေကနေ ရောက်လာတဲ့ အိန္ဒိယကမ္ဘာလှည့်ခရီးသွားတွေကို ဆိုက်ရောက် Visa ထုတ်ပေးမယ်လို့ မြန်မာအစိုးရက ကြေညာခဲ့ပါတယ်။ မြန်မာအစိုးရနဲ့ တရုတ်နိုင်ငံကြား ကျောက်ဖြူ အထူးစီးပွားရေးဇုံအပါအဝင် စီးပွားရေးဆိုင်ရာသဘောတူညီမှုကြီးတွေ ရရှိထားချိန်မှာ ဒေသတွင်း တရုတ်ရဲ့ သြဇာကြီးလာတာကို ချိန်ခွင်လျှညှိနှိုင်းဖို့ အိန္ဒိယ သမ္မတ မြန်မာနိုင်ငံကို လာရောက်တာလို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

India သမ္မတဟာ India အစိုးရထောက်ပံ့မှုနဲ့ ဖွင့်ထားတဲ့ စိုက်ပျိုးရေး သုတေသနဌာနနဲ့ ဆန်သုတေသနဌာနတွေကို နက်ဖြန်မှာသွားရောက်လေ့လာမှာဖြစ်ပါတယ်။ သူ့ခရီးစဉ်အတွင်း ရန်ကုန်မြို့က အာဇာနည်ဗိမ္မာန်မှာ လွမ်းသူ့ပန်းခွေချမယ့်အစီအစဉ်လည်းပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG