သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရောက် ရိုဟင်ဂျာ နေရပ်အတင်းပြန်ပို့ခံရမယ့် ဘေးကြုံ


အိန္ဒိယနိုင်ငံကနေ ပထမဆုံးအကြိမ်အဖြစ် ရိုဟင်ဂျာတချို့ မြန်မာနိုင်ငံကို ပြန်ပို့လိုက်တဲ့ကိစ္စဟာ အိန္ဒိယနိုင်ငံမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ ၄ သောင်းလောက်အတွက်တော့ စိုးရိမ်စရာအခြေအနေဖြစ်လာပါတယ်။ တရားမဝင် ရွှေ့ပြောင်း အခြေချနေထိုင်သူတွေအပေါ် ဟိန္ဒူအမျိုးသားရေးဝါဒီ အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သတ်ပြီး စိုးရိမ်ကြတာပါ။ မြန်မာနိုင်ငံကနေ ဘေးလွတ်ရာထွက်ပြေးနေထိုင်ကြတဲ့ ရိုဟင်ဂျာတွေ နေထိုင်ရာ အိန္ဒိယမြောက်ပိုင်း Haryana ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းကနေ Anjana Pasricha ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။

အိန္ဒိယက ဒုက္ခသည်စခန်းမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ နေရေး စားရေး ကြပ်တည်းပြီး သူတို့ ကလေးငယ်တွေအတွက်လည်း ဖြစ်သလိုဆောက်ထားတဲ့ ကျောင်းတကျောင်းသာရှိပါတယ်။ ဒါပေမယ့်လည်း သူတို့နေရပ်ရင်းဒေသမှာထက် ပိုဘေးကင်းလုံခြုံတယ်လို့ ခံစားရတဲ့ Haryana ပြည်နယ် Mewat ခရိုင်က ဒုက္ခသည်သည်စခန်းမှာ နေထိုင်ရတာကို ပိုသဘောကြနှစ်ခြိုက်ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တဦးဖြစ်တဲ့ Fatima Hatu က

"အိန္ဒိယမှာ ဘယ်သူကမှ လာပြီး မတရားမလုပ်ပါဘူး။ အလုပ်လုပ်ရင် အစားအစာအတွက်လည်း မပူရပါဘူး။ အဆင်ပြေပါတယ်။"

ဒါပေမယ့်လည်း မကြာသေးခင်က အိန္ဒိယမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၇ ဦးကို မြန်မာနိုင်ငံကို ပြန်ပို့ခဲ့တာကြောင့် ၆ နှစ်ကြာ နေထိုင်နေတဲ့ အဲဒီဒုက္ခသည်စခန်းက မိသားစု ၄၅ စုအတွက်တော့ စိုးရိမ်စရာဖြစ်လာပါတယ်။ ဒုက္ခသည် Ali Zohar က

"ကျနော့်ဘ၀ ပြိုလဲခဲ့ရပါတယ်။ ကလေးတွေအတွက် ဘာဆက်လုပ်ပေးနိုင်မှာပါလဲ။ သူတို့ နေရပ်ရင်းကို ပြန်နိုင်မှာပါလား။ စိတ်မအေးစရာတွေချည့် စဉ်းစားနေမိပါတယ်။"

ဒါပေမယ့်လည်း သူတို့မှာ ဒုက္ခသည်များဆိုင်ရာ ကုလမဟာမင်းကြီးရုံးက ထုတ်ပေးထားတဲ့ သက်သေခံ ကတ်ရှိတာကြောင့် ဒီကဒ်မရှိလို့ ပြန်ပို့ခံရတဲ့ ဒုက္ခသည် ၇ ဦးအဖြစ်မျိုး မကြုံရဖို့ မျှော်လင့်နေပါတယ်။ Sultan Amin ကတော့ ဒီ သက်သေခံကတ်ကို ကိုယ်နဲ့မကွာထားတယ်လို့ ပြောပါတယ်။

"ကျနော့တိုင်းပြည်ကို ပြန်သွားဖို့ ပြင်ဆင်နေပေမယ့် အသက်အန္တရာယ် ဘေးကင်းလုံခြုံဖို့တော့ ခက်ပါတယ်။ အဲဒီမှာ မလုံခြုံလို့ ဒီကို ထွက်ပြေးလာတာပါ။ အသတ်ခံရဖို့ ပြန်ရမှာလားဗျာ"

အိန္ဒိယကတော့ ကုလသမဂ္ဂက ထုတ်ပေးထားတဲ့ ကတ်ကို လက်မခံဘဲ တရားမဝင်နေထိုင်တဲ့ ရိုဟင်ဂျာတွေဟာ အိန္ဒိယ လုံခြုံရေးအပေါ် ခြိမ်းခြောက်သူတွေအဖြစ် သတ်မှတ်ပြီး ပြန်ပို့မယ်လို့ ပြောပါတယ်။ ဝန်ကြီးချုပ် Narendra Modi ရဲ့ ဟိန္ဒူ အမျိုးသားရေးပါတီ BJP ရဲ့ ဒီလို သဘောထားဟာ လာမယ့် ၂၀၁၉ နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ဆက်စပ်နေတယ်လို့လည်း ရှုမြင်ကြတာပါ။ နိုင်ငံရေး အကဲခတ် Neerja Chowdhury က

" ရွေးကောက်ပွဲနီးလာပြီဆိုတော့ ရိုဟင်ဂျာ ကိစ္စက နောက်တကြိမ် ထပ်ပြောကြပြန်တာလို့ ထင်ပါတယ်။ ဟိန္ဒူ မူစလင်ကြားမှာ ဒီကိစ္စကို အစစွဲထုတ် ပြောကြတာဟာ BJP အတွက်တော့ အသားစီးရစေတာပါ။"

ဘင်္ဂလားဒေ့ရျ်ကနေ အိန္ဒိယကို ရောက်လာကြတဲ့ ဒုက္ခသည်တွေကတော့ ဘေးအန္တရယ်ကင်းကင်းနဲ့ နေရရင် အဆင်ပြေလှပါတယ်လို့ ပြောပါတယ်။ Noor Begum က

" ဆွေမျိုးသားချင်းတွေ မိသားစုဝင်တွေ ဟိုမှာ အသတ်ခံရပါတယ်။ ဘင်္ဂလာဒေ့ရှ်နဲ့ အိန္ဒိယလို ဘေးအန္တရယ်ကင်းတဲ့ အချိန်ကျရင်တော့ ကိုယ့်တိုင်းပြည် ကို ပြန်မှာပါ။"

ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီကတော့ ရိုဟင်ဂျာ ၇ ဦးကို ဘေးအန္တရယ်များပြားတဲ့ ဒေသကို ပြန်လွှတ်တဲ့ အိန္ဒိယရဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်ပြီး ဘေးအန္တရယ်ကင်းချိန်ကြမှ စနစ်တကျနဲ့ ပြန်စေဖို့ ပြောဆိုထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG