သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်ကြည်းတပ် အကြီးအကဲ ရိုဟင်ဂျာစခန်းသွားရောက်


ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်ကြည်းတပ် အကြီးအကဲ ရိုဟင်ဂျာစခန်းသွားရောက်တဲ့ မြင်ကွင်း။ (ဓာတ်ပုံ - ISPR၊ စက်တင်ဘာ ၁၄၊ ၂၀၂၂)
ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်ကြည်းတပ် အကြီးအကဲ ရိုဟင်ဂျာစခန်းသွားရောက်တဲ့ မြင်ကွင်း။ (ဓာတ်ပုံ - ISPR၊ စက်တင်ဘာ ၁၄၊ ၂၀၂၂)

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်ကြည်းတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Charles A Flynn ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar က အူကီးယားမြို့နယ်၊ ရိုဟင်ဂျာဒုက္ခသည်စခန်း အမှတ် ၄ မှာရှိတဲ့ ဒုက္ခသည်တွေကို မနေ့ အင်္ဂါနေ့က သွားရောက် တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံမှုအတွင်း သူတို့နေရပ်ဖြစ်တဲ့ မြန်မာနိုင်ငံကို ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးဖို့ တင်ပြခဲ့တယ်လို့ တွေ့ဆုံမှုအတွင်း ပါဝင်ခဲ့တဲ့ ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်း အမှတ် ၇ မှာနေထိုင်တဲ့ ကိုအောင်မြိုင်က ဗွီအိုအေကို ပြောပါတယ်။

"သူတို့ပြောကြားတာတော့ မရှိပါဘူး။ ကျနော်တို့ရဲ့ အမြင်တွေကို၊ ကျနော်တို့ရဲ့တင်ပြချက်တွေကို သူတို့က အလေးအနက်ထားပြီးတော့ သေသေချာချာနဲ့ သူတို့က နားထောင်သွားတယ်။ ပြီးတော့ ခေါင်းညိတ်တယ်။ ခေါင်းညိတ်တာလည်း တွေ့တယ်။ အမေရိကန်က စစ်ဗိုလ်ချုပ်ကြီးရော၊ ပြီးတော့ တခြား စစ်ဗိုလ်ချုပ်ကြီးတွေလည်း ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ တပ်မတော် အကြီးအကဲလည်း ပါတယ်။ သူလည်း စိတ်ဝင်စားတယ် ဒီကိစ္စကို။ ကျနော်တို့ တင်ပြချက်မှာဆိုရင် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ နိုင်ငံတကာက ပူးပေါင်းပြီးတော့ ကျနော်တို့ရဲ့ ရိုဟင်ဂျာအရေးကို ဘေးကင်းလုံခြုံစွာ ဂုဏ်သိက္ခာရှိရှိနဲ့ ပြန်နိုင်အောင် ပူးပေါင်းဆောင်ရွက်ပေးပါလို့ ကျနော်တို့ အဲဒီလိုလည်း တင်ပြထားတာ ရှိပါတယ်။"

ဘင်္ဂလားဒေ့ရှ် အစိုးရက ရိုဟင်ဂျာတွေအတွက် အများအပြား လုပ်ဆောင်ပေးနေပေမဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကို နိုင်ငံတကာက ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်တာ မတွေ့ရဘူးလို့လည်း ပြောပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာဘက်ကတော့ ဒီဒုက္ခသည်တွေကို စိစစ်ပြီး လက်ခံမှာ ဖြစ်ကြောင်း ပြောကြားထားတာပါ။

တွေ့ဆုံမှုအတွင်း ဗိုလ်ချုပ်ကြီး Flynn နဲ့အတူ ဘင်္ဂလားဒေ့ရှ် ကြည်းတပ်ဦးစီးချုပ် SM Shafiuddin နဲ့ တခြားစစ်တပ် အရာရှိကြီးတွေလည်း ပါဝင်တယ်။ ဗိုလ်ချုပ်ကြီး Flynn ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အမေရိကန်တို့ ဦးဆောင်ကျင်းပတဲ့ ၄၆ ကြိမ်မြောက် အင်ဒို-ပစိဖိတ် စစ်တပ်များ စီမံခန့်ခွဲမှုနှီးနှောဖလှယ်ပွဲ (IPAMS) ကို တက်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်မှာ ကျင်းပတဲ့ ဒီနှီးနှောဖလှယ်ပွဲကို ကနေဒါ၊ ဩစတြေးလျ၊ ဂျပန်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း ၂၄ နိုင်ငံက စစ်တပ်အရာရှိကြီးတွေလည်း တက်ရောက်ခဲ့ကြတာပါ။

ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ဘင်္ဂလာဒေ့ရှ် အစိုးရရဲ့ လုပ်ဆောင်မှုတွေကို အကူအညီပေးနိုင်ဖို့ ညီလာခံတက်ရောက်လာသူတွေကို ဒုက္ခသည်တွေနဲ့ တွေ့ဆုံပေးမှာ ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး Shafiuddin Ahamed က တနင်္လာနေ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပြီး အင်္ဂါနေ့မှာတော့ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ရိုဟင်ဂျာ ဒုက္ခသည် ၂၃ ဦး နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG