သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားအပန်းဖြေကျွန်း အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၁၃၁ ယောက်ထက်မနည်းရှိသွားပြီ


အင်ဒိုနီးရှားနိုင်ငံက အပန်းဖြေကျွန်းမှာ တနင်္ဂနွေနေ့က အင်အားပြင်း ငလျင်ဒဏ်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၃၁ ယောက်ထက်မနည်း ရှိခဲ့ကြောင်း အာဏာပိုင်တွေက အတည်ပြုလိုက်ပါတယ်။ သေဆုံးသူ အရေအတွက် စာရင်းအသစ်ကိုတော့ အင်ဒိုနီးရှားအမျိုးသား ကပ်ဘေးဒဏ်လျှော့ချရေးအေဂျင်စီ ပြောခွင့်ရ Sutopo Purwo Nugroho က ဒီနေ့ပဲ ထပ်မံအတည်ပြု ထုတ်ပြန်လိုက်တာပါ။

Lombok ကျွန်းမြောက်ပိုင်း ကမ်းလွန်ရေပြင်ကို ဗဟိုပြုပြီး အင်အား ၆.၉ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ရာက ထိခိုက်သေဆုံးသူတွေကို အရေးပေါ် ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်ရှာဖွေနေချိန်မှာပဲ သေဆုံးသူစာရင်းသစ်ကို ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။ ငလျင်ဒဏ်ကိုတော့ အနီးအနားက Gili, Bali, Sumbawa ကျွန်းတွေအပြင်၊ အရှေ့ဂျာဗားက နေရာတချို့မှာပါ ခံစားခဲ့ကြရတာပါ။ ငလျင်ကြောင့် နေအိမ်ထောင်ပေါင်းများစွာ ပျက်စီးခဲ့ရပြီး၊ Lombok ကျွန်းပေါ်မှာပဲ လူပေါင်း ၁၅၆,၀၀၀ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရပြီး၊ အရေးပေါ်စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။

အစားအစာ၊ ရေ၊ ယာယီတဲတွေနဲ့ ဆေးဝါးအကူအညီတွေ တင်ဆောင်လာတဲ့ သယ်ယူပို့ဆောင်ရေးလေယာဉ် ၃ စင်းထက်မနည်း ကိုလည်း စစ်တပ်က စေလွှတ်ခဲ့တာပါ။ Lombok ကျွန်းနဲ့ Gili ကျွန်းစုတွေက ခရီးသွားတွေကိုလည်း ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ ငလျင်ဒဏ်သင့် ဒေသတွေကို အရေးပေါ် ရှာဖွေ ကယ်ဆယ်ရေးသမားတွေ ဆက်လက် သွားရောက်နေပြီး၊ အပျက်အစီးတွေကြားမှာ ရှာဖွေကယ်ဆယ်နေကြတဲ့အတွက် သေဆုံးသူ အရေအတွက် ပိုတိုးလာနိုင်ကြောင်းလည်း အင်ဒိုနီးရှားအမျိုးသား ကပ်ဘေးဒဏ်လျှော့ချရေးအေဂျင်စီ ပြောခွင့်ရက ပြောဆိုခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG