(Zawgyi / Unicode)
ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်ပို့ရေး ကူညီတဲ့အနေနဲ့ အင်ဒိုနီးရှားအစိုးရက မြန်မာနိုင်ငံကို ရန်ပုံငွေ ဒေါ်လာ ၅ သိန်း ၃ သောင်းကျော် ပေးလိုက်တဲ့အကြောင်း The Jakarta Globe သတင်းတပုဒ်မှာ ရေးထားပါတယ်။
ဒီရန်ပုံငွေကို အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ကနေတဆင့် ပေးအပ်တာပါ။
အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်တဦးဖြစ်သူ Robert Matheus Michael Tenne နဲ့ အင်ဒိုနီးရှား ဘဏ္ဍာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တဦးဖြစ်သူ Luky Alfirman တို့ကြား ဂျကာတာမြို့တော်မှာ သောကြာနေ့က လက်မှတ်ရေးထိုးပြီး ရန်ပုံငွေ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
အခုလို ရန်ပုံငွေကူညီတာဟာ ပြီးခဲ့တဲ့လက ဘန်ကောက်မြို့တော်မှာလုပ်တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးအတွင်း သမ္မတ Joko Jokowi Widodo ပြောဆိုထားတဲ့ ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းကို ဖြေရှင်းတာမှာ အကူအညီပေးမယ်ဆိုတဲ့ အစိုးရရဲ့ ကတိကဝတ်ကို အကောင်အထည်ဖော်တာ ဖြစ်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောပါတယ်။
“ဒေသတွင်း လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်တာမှာ အာဆီယံရဲ့ အရေးပါမှုကို အထူးထင်ရှားစေဖို့၊ လူထုရဲ့ သာယာဝပြောမှုအတွက် အာဆီယံရဲ့ ပါဝင်လုပ်ဆောင်မှုကို ပြသဖို့ရာ အာဆီယံအနေနဲ့ ဒီကိစ္စကို ဖြေရှင်းရေး ဟန်ချက်ညီ ပိုအားစိုက်လုပ်ဆောင်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိပါဘူး” လို့ အာဆီယံ အတွင်းရေးမှူးချုပ် Lim Jock Hoi နဲ့အတူ ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို တက်ရောက်တဲ့ ဝန်ကြီး Retno က ပြောပါတယ်။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရက ဒီအကျပ်အတည်းကို ဖြေရှင်းတာမှာ အာဆီယံရဲ့ ကူညီပံ့ပိုးမှုကို အလျဉ်းသင့်သလို အသိအမှတ်ပြု ထုတ်ဖော်ပြောဆိုလေ့ ရှိပါတယ်။
---------------------------------
(Unicode)