သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိုယ်စားလှယ်အဖွဲ့ ကမ်းလှမ်းချက် ရိုဟင်ဂျာဒုက္ခသည် လက်မခံ


 နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး
နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး

(Zawgyi/Unicode)

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး ခိုလှုံခဲ့တဲ့ မွတ်ဆလင်ဒုက္ခသည် တွေက သူတို့ နေရပ်ပြန်ရေးမှာ သူတို့အတွက် နိုင်ငံတကာ လုံခြုံရေး တပ်ဖွဲ့တွေ တာဝန်ယူ ပေးဖို့ အပါအဝင် နိုင်ငံရေး တောင်းဆိုမှုတွေ လုပ်ခဲ့တယ်လို့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ မြန်မာအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။ နေရပ်ပြန်သူတွေ အဆင်ပြေစေဖို့ နိုင်ငံသားစီစစ်ရေး ကဒ်မှာ လူမျိုး- ဘာသာ ထည့်သွင်းမှုကို ဖယ်ရှားပေးတာ အပါအဝင် မြန်မာအစိုးရဘက်က လိုက်လျောမှုတွေ လုပ်ပေးနေကြောင်းလည်း ပြောပါတယ်။ဒီသတင်းကို ဗွီအိုအေသတင်းထောက်မေခကစုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ ဟာ ဘင်္ဂလားဒေ့ရှ် ကော့ဘဇားက ဒုက္ခသည်စခန်းကို သွားရောက်တွေ့ဆုံပြီး နေရပ်စွန့်ခွာသူတွေနဲ့ပတ်သတ်လို့ မြန်မာအစိုးရ ဘက်ကလုပ်ဆောင်နေတဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်နဲ့ပတ်သတ်တာကို သွားရောက်ရှင်းပြတာမှာ ဒုက္ခသည်တွေဘက်က ခုလိုတောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

“သူတို့ဘက်ကပြောတာကတော့ အရင်အတိုင်းဘဲပေါ့နော်။ တွေ့ရတာကလည်း အရင်လူတွေနဲ့ဘဲ တွေ့ရတာပါ။ လူသစ်နည်းပါတယ်။ အခွင့်အရေးတွေတောင်းတဲ့ အပြင်နိုင်ငံရေး အခွင့်အရေးတွေလည်း တောင်းလာတယ်လေ။ ကျနော်တို့ လည်းရှင်းပြခဲ့ပါတယ်။ တချို့ဟာတွေက ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာ။ နောက်ကျနော်တို့ဘက်က ဖြေလျော့မှုတွေလည်း ရှင်းပြခဲ့တယ်။ နိုင်ငံရေး တောင်းဆိုမှုဆိုတာ သူတို့ကို ကာကွယ်စောင့်ရှောက်ဖို့အတွက် တတိယအင်အားစုတွေကဘဲ လုပ်ပေးဖို့ပေါ့နော်။ ဒီလိုနိုင်ငံရေးတောင်းဆိုမှုတွေလုပ်တယ်။ ပုံမှန်ဆိုရင်တော့ သူတို့လုံခြုံရေးကို ပိုကောင်းအောင် လုပ်ဖို့လာရမှာပေါ့၊ ကမ္ဘာမှာရှိတဲ့ ဘင်္ဂလီအဖွဲ့တွေ တောင်းဆိုနေတာမျိုးတွေ တောင်းဆိုလာတယ်။ နောက်တောင်းဆိုတာကတော့ နိုင်ငံသား Citizenship ပေးဖို့ နောက်တိုင်း ရင်း သားလို့ အသိအမှတ်ပြုမှ ပြန်လာမယ်တို့ပေါ့နော်”

NVC နိုင်ငံသားခံယူဖို့စိစစ်ခွင့် ကဒ်ပြားဟာ နိုင်ငံခြားသားဖြစ်အောင်လုပ်လိုက်တဲ့ကဒ်မဟုတ်ဘဲ ဒီကဒ်ပြားရှိသူတွေအနေနဲ့ နိုင်ငံသားလျှောက်ခွင့်ရှိသလို နိုင်ငံသားလျှောက်တာမှာလည်း အရင်လိုကြန့်ကြာမှုမရှိစေဘဲ ထုတ်ပေးနေတယ်လို့ ဦးချမ်းအေး ကပြောပါတယ်။ အရင်ကလို နိုင်ငံသားစိစစ်လက်ခံတာမှာ တနှစ်တကြိမ်သာလုပ်ဆောင်လာရာမှ ဒီ ၂၀၁၉မှာဆိုရင် ၇ကြိမ်တိတိ စိစစ်လက်ခံမှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။ အရင်ထုတ်ပေးထားတဲ့ ၃ခေါက်ချိုးကဒ်တွေကိုင်သူတွေအနေနဲ့ NVC ကဒ်လျှောက်စရာမလိုတော့တာကို ရှင်းပြခဲ့တယ်လို့ဆိုပါတယ်။ နိုင်ငံသား ဖြစ်ထိုက်သူတွေ မြန်မြန်ဆန်ဆန် နိုင်ငံသားဖြစ်ခွင့်ရနိုင်ဖို့ ဖြေ လျော့မှုတွေ လုပ်ပေးနေတယ်လို့ ပြောပါတယ်။

“သူတို့ကို ရှင်းပြတာကတော့ မှတ်ပုံတင်တွေထုတ်ပေးနေတယ်။ ရသင့်ရထိုက်သူတွေကို ၁၉၈၂ ဥပဒေနဲ့ အညီ ထုတ်ပေးနေတယ်၊ သူတို့ ဘိုးဘွားတွေ မြန်မာပြည်မှာနေခဲ့တာမှန်ရင် သူတို့က ပြုနိုင်ငံသား လျှောက်ခွင့် ရှိတယ်။ ထုတ်ပေးနေတယ်။ ဘာသာရေး၊ လူမျိုးရေး မခွဲဘဲထုတ်ပေးနေတယ်။ ရခိုင်မှာလည်း ထုတ်ပေးနေတာရှိတယ်။ ကျန်တဲ့နေရာက မွတ်ဆလင်တွေကိုလည်း ထုတ်ပေး နေတယ်။ နောက် NVC ကဒ်ထဲမှာ လူမျိုးဘာသာ ဆိုတာကို ဖြုတ်ပေးထားတယ်။ ဘင်္ဂလီလည်းမသုံးဘူး၊ ရိုဟင်ဂျာ လည်း မသုံးဘူး။ ဘာသာကလည်း မွတ်ဆလင် မပါဘူး။ ဖြုတ်ပေးထားတယ်။ မွတ်ဆလင်၊ ကမန်ကလည်း ၁၉၈၂ အရ တိုင်းရင်းသားတခုဘဲဆိုတာ သတ်မှတ်ထားတယ်။ အဲဒါကို ခုနှစ်တွေနဲ့ အလိုက်ရှင်းပြထားတယ်”

ဒုက္ခသည်တွေဘက်က နိုင်ငံတကာမီဒီယာတွေကို ဖြေကြားရာမှာတော့ မြန်မာ အစိုးရ ကိုယ်စားလှယ်နဲ့ တွေ့ဆုံရာမှာ သူတို့ရဲ့ တောင်းဆိုမှုတွေကိုလိုက် လျောပေးနိုင်ဖွယ်မရှိတာ ကြောင့် ပြန်လာရေးက အလှမ်းဝေးဖို့ရှိတယ်လို့ ပြောဆိုခဲ့တာ တွေ့ရ ပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးချမ်းအေးကတော့ အခု ဒုက္ခသည် စခန်းမှာ တွေ့ဆုံခဲ့ရတဲ့ ဒုက္ခသည် ၄၀ ကျော်ဟာ စခန်းထဲက လူအားလုံးကို ကိုယ်စားပြုသတ်မှတ်လို့ မရနိုင်ဘူးလို့ ပြောပါတယ်။ ဒါ့အပြင် အခု ၂ရက်ကြာ တွေ့ဆုံဆွေး နွေးမှုအတွင်း ဒုက္ခသည်တွေ နေရပ် ပြန်ရေးနဲ့ ပတ်သက်ပြီး အောင်မြင်မှုတစုံတရာ ရရှိခဲ့ခြင်းမရှိဘူးလို့ ဦးချမ်းအေးက ပြောပါတယ်။

“ ကျနော်တို့က မအောင်မြင်ဘူးဆိုတာကလေ ခုနပြောသလိုပေါ့ ဒီကြားထဲမှာ ပြန်လာသူတွေလည်းရှိတယ်။ ၂၀- ၃၀ နဲ့ ပြန်လာတာ အခုဆို အယောက် ၄၀၀ကျော်ပြီပေါ့။ ပြန်ချင်သူတွေရှိမှာဘဲ။ နောက်တခါကျတော့ ဒါတွေရမှ ဆိုတဲ့ ခပ်မာမာ ပြောတဲ့အုပ်စု လည်းရှိနိုင်တာဘဲ။ နောက်တခုကတော့ ဒီဘက်မှာထက်စာရင်ဟိုဘက်မှာ နေရတာပိုကောင်းတယ် ဆိုတဲ့လူတွေလည်း ရှိကောင်းရှိမယ်။ ကျနော်တို့ တွေ့ရသူတွေက တသံထဲသမားတွေဖြစ်နေတယ်။ ဒါကလည်း ဘင်္ဂလားဒေရှ်ဘက်က စီစဉ်ပေးမှရတာလေ။ ကျနော်တို့က လူရွေးလို့မရဘူး ကျနော်တို့ ကိုယ်တိုင်လည်း camp ထဲသွားပြီးတော့ လုပ်လို့”

ဒီလိုသွားရောက်တာမှာ အာဆီယံနိုင်ငံ အတွင်းရေးမှူး၊ အပြင်ဗီယမ်နမ်၊ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ ဖိလစ်ပိုင် နိုင်ငံဘက်က ကိုယ်စားလှယ် တွေပါဝင်ခဲ့တယ်လို့လည်း ဦးချမ်းအေးကပြောပါတယ်။ ဒီတွေ့ဆုံမှုအတွင်း ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကို မြန်မာအစိုးရက ဘာ့ကြောင့် လက်မခံနိုင်တာလဲ ဆိုတာကို ဒုက္ခသည်တွေကို ရှင်းပြခဲ့တယ်လို့ ဦးချမ်းအေးက ပြောပါတယ်။ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရက ဒုက္ခသည်တွေကိုတော့ စီစစ်ပြီး ပြန်လည်လက်ခံသွားမယ်လို့ ကတိပေးထားတာပါ။

တိုက်ရိုက် လင့်ခ်



...................


(Unicode)










XS
SM
MD
LG